ဘဏ္ဍာနှစ် ၆ နှစ်တာအတွင်း စိုက်ပျိုးရေရရှိရေးအတွက် ဆိုလာရေတင်ခြင်းလုပ်ငန်း ၅၃ ခု ဆောင်ရွက်ပြီးစီး

(ပြည်တွင်း) ဖေဖော်ဝါရီ ၁၉

ပြီးခဲ့တဲ့ ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်မှ လက်ရှိ ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်အထိ ၆ နှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်းမှာ စိုက်ပျိုးရေရရှိရေးအတွက် ဆိုလာရေတင်ခြင်းလုပ်ငန်း ၅၃ ခု ဆောင်ရွက်ပြီးစီးခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။

ဆိုလာရေတင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရာမှာ ဆိုလာသီးသန့်ရေတင်ခြင်းလုပ်ငန်း ၁၂ ခုနှင့် ဆိုလာတွဲဖက်တပ်ဆင်ခြင်းလုပ်ငန်း ၄၁ ခု၊ စုစုပေါင်း ၅၃ ခု ကို ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ပြည်တွင်းရှိ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအတွက် အဓိကလိုအပ်ချက်မှာ ရေရရှိရေးဖြစ်ပြီး ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ရာသီအလိုက် သီးနှံစိုက်ပျိုးသော တောင်သူများစိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် နိုင်ငံတစ်ဝန်း၌ ဘဏ္ဍာနှစ်အလိုက် ဆိုလာရေတင်ခြင်းလုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။