
(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၈
တရုတ်-ဥရောပ ဆက်ဆံရေး တည်ငြိမ်စွာ တိုးတက်မှုအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက နော်ဝေနိုင်ငံကို တိုက်တွန်းပြောကြားထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်၌ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်ပြီး မြူးနစ်လုံခြုံရေး ကွန်ဖရင့် (MSC) ၌ နော်ဝေနိုင်ငံခြားရေးဝန်ကြီး အက်စပန် ဘာ့သ် အိုက်ဒါနှင့် သီးခြားတွေ့ဆုံစဉ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ဝမ်က ပြောကြားခဲ့ကြောင်းသိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိမှ တရုတ်နိုင်ငံသည် နော်ဝေနိုင်ငံနှင့် ဆက်ဆံရေးအား မဟာဗျူဟာကျ၍ ရေရှည်မျှော်တွေးသည့် ရှုထောင့်မှ အစဉ်အမြဲ ရှုမြင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆင့်အသီးသီး၌ နော်ဝေနိုင်ငံနှင့် ရင်းရင်းနှီးနှီး ကူးလူးဆက်ဆံမှုများကို ထိန်းသိမ်းရန်၊ နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်းရှိစေရန်၊ နှစ်နိုင်ငံဆက်ဆံရေး၏ တည်ငြိမ်ခိုင်မာသော အရှိန်အဟုန်ကို ဖြည့်တင်းပေးရန် အသင့်ရှိသည်ဟုပြောဆိုခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်၏ဖော်ပြချက်အရ သိရသည်။
ယခုနှစ် မြူးနစ်လုံခြုံရေး ကွန်ဖရင့်၌ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒသည် တူညီဆန္ဒတစ်ခုပင်ဖြစ်ကြောင်း၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒဟူသည် နိုင်ငံတစ်နိုင်ငံ၏အလိုကျ ပြုမူဆောင်ရွက်ခြင်းဟု အဓိပ္ပာယ်သက်ရောက်မှု မရှိသင့်သလို ဗဟုဝင်ရိုး အခင်းအကျင်းကိုလည်း အင်အားကြီးနိုင်ငံအနည်းငယ်ကသာ စိုးမိုးခြယ်လှယ်နေခြင်းမျိုး မဖြစ်သင့်ကြောင်း ဝမ်က ထပ်မံပြောဆိုခဲ့ကြောင်း ဆင်ဟွာမှဖော်ပြထားသည်။
သက်ဆိုင်သူအားလုံးအနေဖြင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ မူဝါဒများနှင့် ဦးတည်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကာ နိုင်ငံတကာဥပဒေကို အခြေပြုသော နိုင်ငံတကာစနစ်ကို ကာကွယ်ထိန်းသိမ်းသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားထားပြီး ယင်းအား အကောင်အထည်ဖော်ရေးအတွက် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တန်းတူညီမျှရှိ၍ စည်းစနစ်ကျသည့် ဗဟုဝင်ရိုးကမ္ဘာ အခင်းအကျင်းကို အဆိုပြုခဲ့ကြောင်း၊ ထိုအခင်းအကျင်း၌ “တန်းတူညီမျှရှိခြင်း” ဆိုသည်မှာ နိုင်ငံကြီးငယ်မဟူ နိုင်ငံအားလုံး ကမ္ဘာ့ရေးရာများတွင် ကိုယ်စားပြုပါဝင်နိုင်ခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း၊ “စည်းစနစ်ကျခြင်း” ဆိုသည်မှာလည်း သက်ဆိုင်သူအားလုံး နိုင်ငံတကာ ဥပဒေနှင့်အညီ အတူတကွ လိုက်နာဆောင်ရွက်သင့်သည်ကို ဆိုလိုခြင်းဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့ကြောင်းသိရသည်။