(မှုခင်း) ဖေဖော်ဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တို့၌ နှစ်လုံး/ သုံးလုံးထီလောင်းကစား ပြုလုပ်သူများအား ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

မကွေးမြို့နယ်၊ မိကျောင်းရဲကျေးရွာနေ ဒေါ်အေးသန္တာကျော်(၃၀)နှစ်၏ နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မိကျောင်းရဲနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန်တွင် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ ၎င်း၏ နေအိမ်အတွင်းမှ နှစ်လုံး/သုံလုံးထီလောင်းကစား ပြုလုပ်ရာတွင် အသုံးပြု သည့် လက်ကိုင်ဖုန်း တစ်လုံး၊ လောင်းကြေးငွေများနှင့်အတူ အေးသန္တာကျော်အား တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
အဆိုပါ ဖမ်းဆီးရမိသူ အေးသန္တာကျော်အားမိကျောင်းရဲ နယ်မြေရဲစခန်း (ပ)၃/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က)ဖြင့်အရေးယူထားကြောင်း သိရသည်။
အလားတူ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်ရှိ ဦးအာကာမင်းသူ (၃၀)နှစ်၏နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မဟာအောင်မြေခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက မွန်းတည့် ၁၂ နာရီအချိန်တွင် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါနေအိမ်၌ ၎င်းနှင့်အတူ တစ်ရပ်ကွက်တည်းနေ ကိုမင်းမင်းဆန်း(၁၉)နှစ်နှင့် (ဆ)ရပ်ကွက်နေ မသီတာအေး (၃၀)နှစ်တို့အား တွေ့ရှိရပြီး ၎င်းတို့ထံမှ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ရာ တွင် အသုံးပြုသည့် ကွန်ပျူတာ ၃ လုံး၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အာကာမင်းသူ၊ မင်းမင်းဆန်းနှင့် မသီတာအေး တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းဖမ်းဆီးရမိသူ ၃ဦးတို့အား စက်မှုနယ်မြေရဲစခန်း(ပ)၂၁/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က)ဖြင့် အရေးယူထားကြောင်း သိရသည်။
#PAN