
(ပြည်တွင်း) ဖေဖော်ဝါရီ ၄
လာမယ့် မတ်လ တတိယအပတ်မှာ တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးတွေကိုခေါ်ယူမယ်လို့ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသိပေးပြောဆိုလိုက်ပါတယ်။
နိုင်ငံတော်တော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E.Mr. Sergey SHOIGU ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်ပိုင်းက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမမှာ လက်ခံတွေ့ဆုံချိန်မှာ ပြောဆိုခဲ့တာပါ။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က စတင်ကာ အပိုင်းလိုက်ကျင်းပခဲ့တာဖြစ်ပြီး ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် ၂၆၃ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၇၃ နယ်နဲ့ အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီး လွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၂၅၅ နယ်နဲ့ အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ်၊ တိုင်းဒေသကြီးလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်၊ စုစုပေါင်း မဲဆန္ဒနယ် ၆၈၈ နယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ ၂ဝ၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ပြီးဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် စာရင်းချုပ်အရ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ် စုစုပေါင်း ၇၃၉ ဦးအနိုင်ရရှိတယ်လို့ သိရပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့ စာရင်းအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်မှာ ၂၃၁ ဦး၊ အမျိုးသားလွှတ်တော် FPTP မှာ ၆၃ ဦး၊ PR မှာ ၄၅ ဦး၊ စုစုပေါင်း ၁၀၈ ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် FPTP မှာ ၂၂၂ ဦး PR မှာ ၁၅၇ ဦး စုစုပေါင်း ၃၇၉ ဦး တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မှာတော့ ၂၁ ဦး အနိုင်ရရှိထားတာဖြစ်ပါတယ်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ပြည်သူ့လွှတ်တော်မှာ ၄ ဦး၊ အမျိုးသားလွှတ်တော်မှာ ၁၆ ဦး တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်မှာ ၄၈ ဦး အနိုင်ရရှိထားသလို ရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီက) ပြည်သူ့လွှတ်တော်မှာ ၇ ဦး၊ အမျိုးသားလွှတ်တော်မှာ ၁ ဦး တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်မှာ ၃၁ ဦး အနိုင်ရရှိထားပါတယ်။
ဒါ့အပြင် ပြည်သူ့ပါတီက အမျိုးသားလွှတ်တော်မှာ ၅ ဦး တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်မှာ ၂၅ အနိုင်ရခဲ့ပြီး ပြည်သူ့ရှေ့ဆောင်ပါတီကတော့ အမျိုးသားလွှတ်တော်မှာ ၁ ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မှာ ၁၉ ဦးအနိုင်ရရှိခဲ့ကြတာဖြစ်ပါတယ်။
တိုင်းရင်းသားပါတီတွေထဲက မွန်ညီညွတ်ရေးပါတီက ပြည်သူ့လွှတ်တော်မှာ ၅ ဦး အမျိုးသားလွှတ်တော်မှာ ၅ ဦး ပြည်နယ်လွှတ်တော်မှာ ၇ ဦးအနိုင်ရရှိခဲ့ပြီး ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်ပါတီကလည်း ပြည်သူ့လွှတ်တော်မှာ ၅ အမျိုးသားလွှတ်တော်မှာ ၂ ဦးပြည်နယ်လွှတ်တော်မှာ ၁၁ အနိုင်ရရှိခဲ့သလို နာဂအမျိုးသားပါတီက ပြည်သူ့လွှတ်တော်မှာ ၄ ဦး၊ အမျိုးသားလွှတ်တော်မှာ ၁ ဦး၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်မှာ ၁၂ အနိုင်ရရှိခဲ့ကြသလို တိုင်းရင်းသားပါတီတစ်ချို့လည်း ကိုယ်စားလှယ်အရေအတွက်အနည်းငယ် ရရှိခဲ့ကြတယ်လို့ သိရပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်အရ ကျင်းပပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်လွှတ်တော်ကိုယ်စားလှယ် ၂၆၃ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၅၅ ဦး တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅၇၆ ဦး တိုင်းရင်းသားရေးရာလူမျိုးကိုယ်စားလှယ် ၂၉ ဦး ရွေးချယ်ခံခဲ့ကြရတယ်လို့ သိရပါတယ်။