(ပြည်တွင်း) ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ ဥဿာမြို့သစ်မှာရှိတဲ့ ယခင်က မြေနိမ့်ချိုင့်ဝှမ်း ဖြစ်နေတဲ့ သမိန်ဗရမ်းလမ်းကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြန်လည်ပြုပြင်ပေးနေတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံက သိရပါတယ်။
အခုလိုပြုပြင်ရာမှာ အဆိုပါလမ်းကို (၄၀)ပေ အကျယ် မြေသားတာဘောင်ပြုလုပ်ခြင်း၊ ၂၆ ပေအကျယ် ကျောက်ခင်းခြင်း၊ ၂၄ ပေအကျယ် ကွန်ကရစ်ခင်း ခြင်းနဲ့ (၆၀)ပေအကျယ် ကွန်ကရစ်ရေထုတ်ပြွန် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

အခုလိုဆောင်ရွက်နေမှုကို ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်လမ်းဒီဇိုင်းတွေအတိုင်း အချိန်မီပြီးစီးရေး ဆောင်ရွက်သွားဖို့နဲ့ လမ်းပုခုံးသား အမာခံရရှိရေး စနစ်တကျဆောင်ရွက်သွားဖို့ ရန် တာဝန်ရှိသူတွေကို ကြားခဲ့တယ်လို့ သိရပါတယ်။
ထို့အတူပဲ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဟာ ပဲခူးမြို့အလယ်မှာရှိတဲ့ ပဲခူးမြစ် ကူးတံတား လှပတင့်တယ်စေရေးနဲ့ ကမ်းပြိုမှုကာကွယ်နိုင်ရေး Bored Pile အခြေပြု ကျောက်/ကွန်ကရစ် မြေထိန်းနံရံတည်ဆောက်နေမှုကိုလည်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြေထိန်းနံရံများအား မြစ်ရေတိုက်စားမှု ခံနိုင်စေရေး သတ်မှတ်ဒီဇိုင်းတွေအတိုင်းတည်ဆောက်ဖို့ တည်ဆောက်ရေးလုပ်ငန်းတွေ စံချိန်စံညွှန်းနဲ့ အညီ သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ဖို့ ပဲခူးမြစ်ကို ရေစီးရေလာ ကောင်းမွန်စေရေး မြစ်ကြောင်းရှင်းလင်းခြင်းလုပ်ငန်းတွေပါ တစ်ပါတည်းဆောင်ရွက်သွားကြဖို့ မှာကြားခဲ့တယ်လို့ သိရပါတယ်။