မြန်မာ့မီးရထားအနေဖြင့် ရထားလက်မှတ်ဝယ်ယူရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် Online မှ ဝယ်ယူ၍ ငွေပေးချေခြင်းစနစ်ဖြင့် ရှေ့ပြေးစမ်းသပ်မှုစတင်

(ပြည်တွင်း) ဇန်နဝါရီ ၂၈

ပိုဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ ရထားလက်မှတ်ဝယ်ယူရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် ရထားလက်မှတ်များကို Online မှ ဝယ်ယူ၍ ငွေပေးချေခြင်းစနစ် (Online Railways Ticketing and Payment System – ORTP) ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ပြင်ဆင်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါစနစ် ရှေ့ပြေးစမ်းသပ်မှုအစီအစဉ် (Pilot Project) အဖြစ် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ဖေဖော်ဝါရီ ၇ ရက်တွင် ပြေးဆွဲပေးမည့် အမှတ်(၁၁)အဆန်/ (၁၂)အစုန် (ရန်ကုန် – မန္တလေး – ရန်ကုန်) လူစီးအမြန်ရထား၊ အမှတ်(၇)အဆန်/ (၈)အစုန် (ရန်ကုန် – နေပြည်တော် – ရန်ကုန်) DEMU အမြန်ရထား၊ အမှတ်(၃၁)အဆန်/ (၃၂)အစုန် (ရန်ကုန် – နေပြည်တော် – ရန်ကုန်) DEMU အမြန်ရထားနှင့် အမှတ်(၂၇)အဆန်/ (၂၈)အစုန် (မန္တလေး – နေပြည်တော် – မန္တလေး) လူစီးအမြန်ရထား ခရီးစဉ်များ၏ ရထားလက်မှတ်များကို ယခုလာမည့် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ORTP စနစ်ဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်းရှိ လူစီးအမြန်ရထားများ စီးနင်းလိုက်ပါရန် လက်မှတ်များဝယ်ယူရာတွင် ခရီးစဉ်အစအဆုံး စီးနင်းလိုက်ပါလိုပါက (၇)ရက်ကြိုတင်၍လည်းကောင်း၊ ကြားဘူတာများမှ စီးနင်းလိုက်ပါလိုပါက (၃)ရက်ကြိုတင်၍လည်းကောင်း ဝယ်ယူနိုင်ပြီး ရထားထွက်ခွာ ဆိုက်ရောက်ချိန်များ၊ ရပ်တန့်ဘူတာများ၊ လက်မှတ်ခနှုန်းထားများမှာ ယခင်အတိုင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစနစ်ကို အသုံးပြုမည်ဆိုပါက မိမိအသုံးပြုလိုသည့် Browser တစ်ခုခုကိုဖွင့်ပြီး ortp.railways.gov.mm ဆိုသည့် Link အား ရိုက်နှိပ်၍ စနစ်သို လွယ်ကူစွာ ဝင်ရောက်နိုင်မည်ဖြစ်သည်။ ထိုအပြင် စနစ်အတွင်းသို လွယ်ကူစွာဝင်ရောက်နိုင်ရန် ပြုလုပ်ထားသော QR Code ကို မိမိလက်ကိုင်ဖုန်းဖြင့် Scan ဖတ်၍လည်း ဝင်ရောက်နိုင်သည်။ စနစ်အား အသုံးပြုပုံအဆင့်ဆင့် အသိပညာပေးခြင်းအစီအစဉ်နှင့် စနစ်သိုဝင်ရောက်နိုင်သည့် Link နှင့် QR Code တိုကို မြန်မာ့ရုပ်မြင်သံကြား၊ နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့မီးရထား Website နှင့် ဘူတာရုံအသီးသီးတို့တွင် ကြေညာအသိပေးထားပြီးဖြစ်ကြောင်း သိရသည်။

ခရီးသွားပြည်သူများအနေဖြင့် Online မှ လက်မှတ်များဝယ်ယူရန် အခက်အခဲတစ်စုံတစ်ရာရှိပါကလည်း သက်ဆိုင်ရာဘူတာရုံ/ လက်မှတ်ရုံများသို လာရောက်၍လည်း အဆိုပါစနစ်အသုံးပြုပြီး ဝယ်ယူရရှိနိုင်ရန် စီစဉ်ပေးထားသည်။ ORTP စနစ်ဖြင့် လက်မှတ်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုသည်များရှိပါက မြန်မာ့မီးရထား၏ Hotline ဖုန်းအမှတ် – ၁၁၈၈ သို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။

PAN