


(ပြည်တွင်း) ဇန်နဝါရီ ၂၇
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာနဲ့ တရားမျှတတဲ့ အမှန်တရားအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) မှာ သွားရောက်ဖြေရှင်းနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဂုဏ်ပြုထောက်ခံပွဲကို ရန်ကုန်မြို့လည်က ဗန္ဓုလပန်းခြံမှာ ဒီနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပါတယ်။
အဲဒီ ထောက်ခံပွဲကို ရန်ကုန်တိုင်းက ရာနဲ့ချီတဲ့ ပြည်သူတွေလာရောက်စုဝေးကာ ဆန္ဒဖော်ထုတ်ခဲ့ကြသလို မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)နဲ့အမျိုးသားရေးညီအကိုမောင်နှမများ(ရန်ကုန်) က ဦးဆောင်တာလို့ သိရပါတယ်။
ဆရာတော်အရှင်သုစိတ္တ၊ ဦးဝင်းကိုကိုလတ်၊ ဦးထိန်လင်း တို့ ကလည်း မြန်မာကိုယ်စားလှယ်အဖွဲရဲ့ လျှောက်လဲချေပချက်တွေကို ထောက်ခံကြောင်း ဂမ်ဘီယာနိုင်ငံရဲ့ မဟုတ်မမှန်စွပ်စွဲချက်တွေကို ကန့်ကွက်ရှုတ်ချကြောင်း ဟောပြောခဲ့ကြပါတယ်။
“မြန်မာကိုယ်စားလှယ်အဖွဲပြည်ထောင်စုသမ္မတမြန်မာ ဂုဏ်သိက္ခာနှင့် တရားမျှတသော အမှန်တရားအတွက် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ သွားရောက်ဖြေရှင်းနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ အောင်မြင်ပါစေ” ၊ “လူမျိုးသုဉ်းသတ်ဖြတ်သည်ဟု မဟုတ်မမှန် စွပ်စွဲနေကြသူများအား အလိုမရှိ” နှင့် “လူမျိုးသုဉ်းသတ်ဖြတ်သည်ဟု သက်သေခိုင်လုံခြင်းမရှိဘဲ စွပ်စွဲနေမှုမှုများ ချက်ချင်းရပ်” စတဲ့ ဗီနိုင်းပိုစတာတွေကို ကိုင်ဆောင်ထားကြသလို ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံတွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။
နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကိုယ်စား နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က သွားရောက်တရားရင်ဆိုင်နေတာဖြစ်ပါတယ်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို စွပ်စွဲထားတဲ့အမှုကို နယ်သာလန်နိုင်ငံ သည်ဟိဂ် မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်နေ့အထိ ကြားနာနေပြီး မြန်မာနိုင်ငံအနေနဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ကနေ ၂၀ ရက်နေ့အထိုက် ပထမအကျော့ လျှောပက်လဲခဲ့ပြီဖြစ်သလို ဇန်နဝါရီ ၂၈ ရက်ကနေ ၂၉ ရက်နေ့အထိ ဒုတိယအကျော့လျှောက်လဲရမှာဖြစ်တယ်လို့ သိရပါတယ်။