ထိုင်းရဲတပ်ကြပ်ကို ပစ်ခတ်ထွက်ပြေးတဲ့ ကော်ဘရာ တပ်ဖွဲ့ဝင်ကို ကော်ဘရာက ဖမ်းဆီးပြီး ထိုင်းကိုပြန်လည်လွှဲပြောင်းပေး

(မှုခင်း) ဇန်နဝါရီ ၂၂

ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းက မဲဆောက်မြို့ မယ်ကုရပ်ကွက် မဲဆောက်-အူဖန်းလမ်းပေါ်က စတိုးဆိုင်အနီးမှာ လက်နက်မှောင်ခိုရောင်းဝယ်ဖို့ ဆိုင်ကယ်နဲ့လာတဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးဖို့ ကြိုးပမ်းချိန်မှာ ပစ်ခတ်မှုဖြစ်ပြီး မြန်မာနိုင်ငံသားတစ်ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ထိုင်းဘက်ကလာတဲ့သတင်း တွေက ပြောပါတယ်။

လက်နက်မှောင်ခိုပြုလုပ်နေသူတွေဟာ မြန်မာနိုင်ငံက အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားတဲ့ KNU အဖွဲ့ဝင်တွေဖြစ်တယ်လို့လည်း ထိုင်းသတင်းအချို့မှာဖော်ပြထားတာတွေ့ရပြီး ထိုင်းရဲတပ်ဖွဲ့ဝင်တွေဟာ အဆိုပါ KNU ၂ ဦးထံကနေ လက်နက်ဝယ်ပြီး အသွင်ယူဖမ်းဆီးဖို့ကြိုးပမ်းချိန်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့လည်း ဆိုကြပါတယ်။

နယ်စပ်ကလာတဲ့သတင်းတွေမှာတော့ ပစ်ခတ်ခဲ့သူတွေဟာ KNU လက်အောက်ခံ ကော်ဘရာစစ်ကြောင်းက အဖွဲ့ဝင်တွေဖြစ်တယ်လို့ သိရပြီး ပစ်ခတ်မှုဖြစ်ပွားတဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာပဲ အဲ့ဒီနေရာအနီးမှာ အသက် ၂၀ နှစ်အရွယ် ကော်ဘရာအဖွဲ့ဝင် ကိုမင်းဇော်သူကို ဆိုင်ကယ်နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး နောက်ထပ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ နိုင်လင်းအောင် (ခေါ်) နဂါးကြီး ကတော့ လက်နက်တွေနဲ့အတူ နယ်စပ်မှာရှိတဲ့ ကြံခင်းထဲတဆင့် ကော်ဘရာအဖွဲ့ထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ က ပြောပါဆိုကြပါတယ်။

ထွက်ပြေးတိမ်းရှောင်သွားတဲ့ အကြမ်းဖက်သမားကို ထိုင်းရဲတပ်ဖွဲ့က အင်အား အများအပြားအသုံးပြုကာ ဇန်နဝါရီလ ၂၁ ရက်နေ့အထိအပူတပြင်းရှာဖွေခဲ့ပေမယ့် ဖမ်းဆီးရမိခဲ့တာတော့ မရှိပါဘူး။
ဒီနေ့ ဇန်နဝါရီ ၂၂ ရက်နေ့ နေ့လည်ပိုင်းမှာတော့ ကော်ဘရာစစ်ကြောင်းက သူ့ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ နိုင်လင်းအောင် (ခေါ်) နဂါးကြီးကို ဖမ်းဆီးကာ ကော်ဘရာစစ်ကြောင်းမှူးဖြစ်တဲ့ တာပေါ ကိုယ်တိုင် ထိုင်းအာဏာပိုင်တွေဆီကို အပ်နှံလိုက်တယ်လို့ နယ်စပ်က သတင်းတွေမှာဖော်ပြနေတာတွေ့ရပါတယ်။
KNU လက်အောက်ခံ ကော်ဘရာစစ်ကြောင်းက အဖွဲ့ဝင်တွေရဲ့ ပစ်ခတ်တာကို ခံခဲ့ရတဲ့ ထိုင်းရဲတပ်ကြပ်ကြီးကတော့ ကျည်ထိမှန်ဒဏ်ရာရထားတာကြောင့် မဲဆောက်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။