ထိုင်းနိုင်ငံ Satun မှာ ဆေးကြောင်နေသူတစ်ဦးက ကား နဲ့ ဆိုင်ကယ် ၁၉ စီးကို လိုက်လံဖျက်ဆီး

(နိုင်ငံတကာ) ဇန်နဝါရီ ၁၅

ဇန်နဝါရီ ၁၃ ရက် မနက်ပိုင်းက Satun ခရိုင်၊ La-ngu မြို့နယ်မှာ ရပ်ထားတဲ့ ကားနဲ့ ဆိုင်ကယ် ၁၉ စီးကို ကျောက်ခဲတွေ၊ တူးရွင်းပြားတွေနဲ့ လိုက်လံထုရိုက် ဖျက်ဆီးခဲ့တဲ့ အသက် ၄၅ နှစ်အရွယ် ကိုစော အမည်ရှိ မြန်မာနိုင်ငံသားတစ်ဦးကို ဖ-မ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်တွင် မနက် ၃ နာရီအချိန်ခန့်က စတင်ခဲ့တာဖြစ်ပြီး CCTV မှတ်တမ်းတွေအရ ကိုစော အမည်ရှိသူမှာ အိမ်ရှေ့တွင်ရပ်ထားသော ကားများကို ကျောက်ခဲနဲ့ စတင်ထုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၎င်းနောက် ၂၉ လက်မအရှည်ရှိသော သံလက်ကိုင်ပါ တူးရွင်းပြားကို ပြောင်းလဲကိုင်ဆောင်ခဲ့ပြီး လမ်းဘေးတွင် ရပ်ထားသော ကားများကို ဆက်လက်ရိုက်နှက် ဖျက်ဆီးခဲ့တာကြောင့် စုစုပေါင်း ကားနဲ့ ဆိုင်ကယ် ၁၉ စီး ပျက်စီးခဲ့တယ်လို CH7 News က ဖော်ပြထား ပါတယ်။

ကျယ်လောင်တဲ့ အသံတွေကြောင့် ဒေသခံတွေ နိုးလာခဲ့ပေမယ့် အဆိုပါသူက လက်နက်ကိုင်ဆောင်ထားပြီး ရန်လိုနေတာကြောင့် အပြင်ထွက်မတားရဲခဲ့ကြပါဘူး လို့ဆို ပါတယ်၊ La-ngu ရဲစခန်း က ရဲတပ်ဖွဲ့ဝင်တွေက တစ်နာရီအတွင်းမှာပဲ ခြေရာခံဖမ်းဆီးနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်ရာမှာ သုံးခဲ့တဲ့ ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးချက်တွေအရ ကျူးလွန်သူဟာ မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း တွေ့ရှိရသလို တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိဘဲ နိုင်ငံထဲကို ဝင်ရောက်နေထိုင်သူ ဖြစ်ကြောင်းလည်း စိစစ်တွေ့ရှိရပြီး၊ ရဲတပ်ဖွဲ့က ပိုင်ဆိုင်မှုပစ္စည်း ဖျက်ဆီးမှု၊ တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

PAN