

(မှုခင်း) ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အမှတ်(၂)ရပ်ကွက်၊ မင်းလမ်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးတွင် ဇန်နဝါရီလ ၁၁ ရက်နေ့၊ နံနက် ၂ နာရီ ၂၅ မိနစ်အချိန်ခန့်က ပိုင်ရှင် ဦးချစ်စိန်၏ (၃၀x၂၅)ပေ၊ သွပ်မိုး၊ အုတ်ညှပ်(၂)ထပ် “ဦးဂနီ” ကုန်စုံဆိုင်အတွင်း ခြင်ဆေးခွေ ထွန်းထားရာမှ အနီးရှိ နိုင်လွန်ကြိုးနှင့်ဗလာစာအုပ်များအား မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုနေရာသို့ ပဲခူးခရိုင်အတွင်းရှိ မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၉)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၁၅ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်မှုကြောင့် (၃၀x၂၅)ပေ၊ သွပ်မိုး၊ အုတ်ညှပ်(၂)ထပ်ကုန်စုံဆိုင် (၁)ဆိုင်နှင့် အတွင်း ပစ္စည်းများ၊ (၂၀x၂၅)ပေ၊ သွပ်မိုး၊ RC(၂)ထပ်ကုန်စုံဆိုင်၏ အပေါ်ထပ်အမိုး၊ ကြမ်းခင်းနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးချစ်စိန်(၄၆)နှစ်အား ဘုရားကြီးနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။