







(ပြည်တွင်း) ဇန်နဝါရီ ၁၂
တပ်မတော်စစ်ကြောင်းများအနေဖြင့် တရားမဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အခြေပြုလုပ်ကိုင်ခြင်းမရှိစေရေးအတွက် မြေပြင် သတင်းဖော်ထုတ်ပြီး ဒေသခံပြည်သူများ၏ သတင်းပေးပို့၍ ပူးပေါင်းပါဝင်မှုတို့နှင့်အတူ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို အဖွဲ့စုံပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ကြောင်းများခွဲ၍ ဆက်လက်ဖော်ထုတ်ရှင်းလင်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ နမ့်လန်ဒေသအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့ဝင်များပါဝင်သောစစ်ကြောင်းသည် ဇန်နဝါရီလ ၈ ရက် ညပိုင်းတွင် နားလင်း၏ အနောက်မြောက်ဘက်မီတာ ၁၀၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် ကာကင်းအဖြစ် နေရာယူထားသည့် အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ အဆိုပါနေရာ၌ ယာယီမိုးကာတဲ ၅ လုံး၊ ပစ်ကျင်းများ၊ ရှေ့ထွက်မိုင်း ၂ လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ မောင်းတံပါ ဂိတ်ကင်း ၁ ခု တို့ကို တွေ့ရှိသိမ်းပိုက်ရရှိခဲ့သည်။
တပ်မတော်စစ်ကြောင်းအနေဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့သည့် အကြမ်းဖက် သောင်းကျန်းသူများအား ထပ်ကြပ်လိုက်လံရှင်းလင်းခဲ့ရာ ဇန်နဝါရီလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် သီပေါမြို့နယ်၊ နားလင်းကျေးရွာ၏ အနောက်မြောက်ဘက်မီတာ ၉၀၀၀ ခန့်အကွာ နေရာသို့ အရောက်၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် အလျား ၄၀ ပေ၊ အနံ ၃၀ ပေရှိ သွပ်မိုးသွပ်ကာ လူနေအဆောက်အအုံ ၂ လုံးအတွင်းမှ ကွန်ပျူတာ (Laptop) ၁၈ လုံး၊ ကွန်ပျူတာ (Desktop) ၃၅ လုံး၊ ဖုန်းမျိုးစုံ ၁၁ လုံး၊ Star Link ၅ လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ထို့နောက်ပူးပေါင်းအဖွဲ့များပါဝင်သည့်စစ်ကြောင်းသည် နယ်မြေရှင်းလင်းခြင်းအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် အဆိုပါနေရာ၏ အရှေ့ဘက် မီတာ ၈၀၀ ခန့်အကွာသို့ရောက်ရှိစဉ် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာတစ်ခုကို တွေ့ရှိသဖြင့် ဝင်ရောက်ရှင်းလင်းစစ်ဆေးရာ ကွန်ပျူတာ(Laptop) ၁၁ လုံးနှင့် ကွန်ပျူတာ (Desktop) ၆ လုံး၊ Star Link ၃ လုံး၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆေးပြားရိုက်စက် ၂ လုံး၊ ဆေးမွှေစက် ၁ လုံး၊ ဆေးပြားရေတွက်စက် ၁ လုံး၊ အိုက်စ် ၂ ကီလိုဂရမ်၊ ဆေးပြားရိုက်ရန် ရောစပ်ထားသည့်အနှစ် ၁၀ ကီလိုဂရမ်ပါ ပုံး ၁ ပုံး၊ ဖန်ပြွန်အရိုး ၁ ခု၊ မူးယစ်ဆေးဝါးချက်လုပ်ရန် ရောစပ်ထားသည့် အရှည် ၁၀ လီတာ ပုံး ၁ ပုံး၊ Caustic Soda ၂၅ ကီလိုဂရမ်၊ Sodium Powder ၂၅ ကီလိုဂရမ်ပါ ၃၀ လုံး၊ မော်တော်ယာဉ် ၁ ဦး၊ မီးစက် ၂ လုံး၊ ဘက်ဟိုး ၁ စီး၊ SSA တံဆိပ်ပါ အစိမ်းရောင် ယူနီဖောင်း ၁ စုံ၊ အပွင့် ၂ ပွင့်ပါ ပုခုံးတံဆိပ် ၁ စုံ၊ SSA တံဆိပ်ပါအစိမ်းရောင် ဦးထုပ် ၁ လုံး၊ အဆောက်အအုံများနှင့် ဆက်စပ်ပစ္စည်းများကို ထပ်မံတွေ့ရှိ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များအရ လေကြောင်းကင်းထောက်ခြင်းနှင့် မြေပြင်သတင်းစုံစမ်း ဖော်ထုတ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး မိုင်းရယ်မြို့နယ်အတွင်း မသင်္ကာဖွယ် နေရာ ၃ ခုအား ဖော်ထုတ်တွေ့ရှိခဲ့ရသဖြင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့ဝင်များပါဝင်သောစစ်ကြောင်းများဖြင့် နယ်မြေရှင်းလင်းခြင်းလုပ်ငန်း များကို ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ ၁၀ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မိုင်းရယ်မြို့၏ အနောက်တောင်ဘက် ၂၆၀၀၀ မီတာခန့်အကွာ၊ မန်ဖြတ်ကျေးရွာအနီး ပထမနေရာတွင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုခဲ့သည့် ယာယီ ၁၄ လုံး၊ အလျား ၁၀၀ ပေ၊ အနံ ၂၅ ပေရှိ အဆောက်အအုံ ၆ လုံး၊ ပလတ်စတစ်ပေပါခွံ ၁၂၀ လုံး၊ ဓာတုဆေးရည်များ ထည့်ထားသည့် သံပေပါ ၂၀ လုံး၊ သံပေပါခွံ ၃၀ လုံး၊ ဂတ်စ်အိုး ၆၀ လုံး၊စတီး ပေါင်းအိုးကြီး ၄ လုံး၊ အင်ဂျင်ကြီး ၂ လုံး၊ အက်ဆစ်ပါ ပလတ်စတစ်ပေပါ ၆၇ လုံးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
အလားတူ ဇန်နဝါရီလ ၁၁ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် မိုင်းရယ်မြို့၏ အနောက်တောင်ဘက် မီတာ ၂၀၀၀၀ ခန့်အကွာရှိ ဒုတိယနေရာ၌ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင်အသုံးပြုသည့် အလျား ၁၅ ပေ၊ အနံ ၂၀ ပေရှိ ပလတ်စတစ်ကာ အဆောက်အအုံ ၅၀ လုံး၊ ဖျက်ဆီးထားသည့် အဆောက်အအုံ ၁၅ လုံး၊ ဂတ်စ်အိုး ၆၀၀ လုံး၊ ရေခဲသေတ္တာ ၁၀ လုံး၊ မီးစက် ၃ လုံး၊ ပေါင်းအိုးအကြီး ၃ လုံး၊ ဆေးပြားရိုက်စက် ၃ လုံး၊ ဓာတုဆေးရည်ထည့်ထားသည့် ပေပါ ၅၀၀ လုံး၊ မူးယစ်ဆေးမှုန့်များဟုယူဆရသည့် အဖြူမှုန့်များ ထည့်ထားသည့် ဆာလာအိတ် ၃၀၀ အိတ်၊ ပလတ်စတစ်အိတ်အကြည် ၃၀၀ အိတ်၊ ၅ ဂါလန်ဆံ့ အက်ဆစ်ပုံး ၃၀၀ လုံး၊ စတီးဗန်းကြီး ၆ ချပ်၊ အမျိုးအစား(စိစစ်ဆဲ) အဖြူရောင်အမှုန့်များပါဝင်သည့် စက္ကူဖာ ၃၀ ပုံး၊ ဆာလာအိတ်ဖြင့် ထည့်ထားသည့် (စိစစ်ဆဲ)အဖြူရောင်အမှုန့် ၃၀၀ ထုပ်၊ ဆိုင်ကယ် ၅ စီး၊ အဆိုပါမူးယစ်ဆေးဝါးလုပ်ငန်းများတွင် SSA အဖွဲ့မှ ပါဝင်ပတ်သက်နေသူများ အပါအဝင် တရားခံ ၆ ဦးတို့အား SSA တံဆိပ်ပါ ယူနီဖောင်းနှင့် တံဆိပ်များအပါအဝင် အခြားဆက်စပ်ပစ္စည်းများကို လည်းကောင်း၊ နံနက် ၉ နာရီခွဲခန့်တွင် အဆိုပါနေရာ၏ အနောက တောင်ဘက် မီတာ ၁၉၀၀၀ ခန့်အကွာတွင် မူးယစ်ဆေးဝါးအဓိကချက်လုပ်သည့် နေရာဟုယူဆရသော (၇)နေရာ ပတ်ဝန်းကျင်သို့ ရောက်ရှိရှင်းလင်းခဲ့ရာ မူးယစ်ဆေးဝါး ချက်လုပ်သည့် တဲနှင့် ဆက်စပ်ပစ္စည်းထားသည့် ဂိုဒေါင် ၃၃ လုံးအားတွေ့ရှိရပြီး လက်တလောစိစစ်ပြီးအချိန်အထိ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဂတ်စ်အိုးမျိုးစုံ ၄၄၃ လုံး၊ ဖိုင်ဘာပေပါ ၁၃၁၂ လုံး၊ သံပေပါ ၃၃၆ လုံး၊ သုံးဘီးဆိုင်ကယ် ၂ စီး၊ Caustic Soda ၈၅ အိတ်၊ Sodium Acetate Trihydrate 20 kg ပါ အိတ် ၄ အိတ်စီပါရှိသည့် ပေပါ ၄ လုံး၊ Sulphonic Acid Liquid ပီပါ ၂၁ လုံး၊ တင်ဒါပီပါ ၈ လုံး၊ အမျိုးအမည်(စိစစ်ဆဲ) အညိုရောင်ပေပါ ၅ လုံး၊ ဖန်အိုး(အသေး) ၅၂၅ လုံး၊ ဖန်ပေါင်းအိုးကြီး ၁၀ လုံး၊ Ethnol ပေပါ ၄၀ လုံး၊ အဖြူရောင်အနှစ်များ ထည့်သွင်း ထားသည့် စတီးဇလုံ ၁၅၀ လုံး၊ အခြောက်ခံဗန်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များအားလည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး ကျန်ရှိသည့်ပစ္စည်းများကိုလည်း ဆက်လက်စိစစ်ဖော်ထုတ်ဆဲဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား ပညာရှင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် လိုအပ်သည့်ပဏာမစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘိန်းဖြူ (Heroin) နှင့် မက်သ်အဖက်တမင်း (Methamphetamine) များထုတ်လုပ်နေခြင်းဖြစ်ကြောင်း ကနဦးဖော်ထုတ်ချက်အရ သိရှိရသည်။