





(မှုခင်း) ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်ကျေးရွာအား ဇန်နဝါရီလ ၁၀ ရက်တွင် တပ်မတော်က အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဇန်နဝါရီလ ၁၁ ရက်တွင် နွယ်တမယ်ကျေးရွာအား တပ်မတော်က နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ရာ ကျေးရွာအတွင်းမှ အကြမ်းဖက်သမား အလောင်း ၁ လောင်း၊ လက်ပစ်ဗုံး ၄ လုံး၊ လက်လုပ်မိုင်း ၁၁ လုံး၊ ၄၀ မမဗုံးသီး ၂ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ကျည်ကာဦးထုပ် ၅ လုံး၊ ပြောက်ကျားယူနီဖောင်း ၄ စုံ၊ စကားပြောစက် ၃ လုံးနှင့် အကြမ်းဖက်တံဆိပ်ဘတ် ၁ စုံတို့ကို သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် အကြမ်းဖက်သမားများသည် ကျေးရွာရှိ ဘုရားစေတီပုထိုးများ၊ တံတားဦးဘုန်းတော်ကြီးကျောင်း၊ ပဒေသာဘုန်းတော်ကြီးကျောင်းနှင့် သာသနိကအဆောက်အအုံများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် ဒေသခံပြည်သူများ၏ နေအိမ်များအတွင်းနှင့် ခြံဝင်းများအတွင်း၌အခြေပြု၍ ဘန်ကာများ၊ သဲအိတ်များ၊ ကတုတ်ကျင်းများဖြင့် အခိုင်အမာ ခံစစ်တည်ဆောက်ပြီး ဘုရားစေတီများ၊ သာသနိကအဆောက်အအုံများ၊ တန်ဆောင်းများနှင့် စာသင်ကျောင်းများကို အကာအကွယ်ရယူ၍ ခုခံတိုက်ခိုက်ခြင်း၊ ကျေးရွာတံတားအား ဖောက်ခွဲဖျက်ဆီးပြီး အကာအကွယ်ပြုလုပ်ထားခြင်း၊ ဘုန်းတော်ကြီးကျောင်းဝင်းများနှင့် ကျေးရွာလမ်းများ၌ လက်လုပ်မိုင်းများ ထောင်ထားခြင်းတို့ လုပ်ဆောင်ထားသည်ကိုတွေ့ရှိခဲ့ရကြောင်းနှင့် ကျေးရွာအတွင်း၌ လက်လုပ်မိုင်းအန္တရာယ်ကင်းဝေးစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။