
(နိုင်ငံတကာ) ဒီဇင်ဘာ ၃၁
တောင်ကိုရီးယားသမ္မတ လီဂျေမြောင် သည် တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် တွေ့ဆုံဆွေးနွေးရန် လာမည့် သီတင်းပတ်အစောပိုင်းတွင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားမည်ဖြစ်ကြောင်း သမ္မတအိမ်တော်က ဒီဇင်ဘာ လ ၃ဝ ရက်တွင် ထုတ်ပြန်ထားသည်။
ခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံရေးများ ခိုင်မာစေမည့်နည်းလမ်းများကို ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။
သမ္မတ လီဂျေမြောင် သည် ဇန်နဝါရီလ ၄ ရက်တွင် တရုတ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး ပေကျင်းမြို့၌ သမ္မတ ရှီကျင့်ဖျင် နှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။
ထို့နောက် ဒီဇင်ဘာလ ၆ ရက်တွင် ရှန်ဟိုင်းမြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး ဒီဇင်ဘာလ ၇ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ ပြန်ရောက်မည်ဖြစ်ကြောင်း သမ္မတအိမ်တော်မှ ပြောရေးဆိုခွင့်ရှိသူ ကန်ယူးဂျုံက ပြောသည်။
အဆိုပါခေါင်းဆောင်နှစ်ဦးကြား ယခုတွေ့ဆုံမှုသည် ပြီးခဲ့သောနိုဝင်ဘာလ ၁ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူးမြို့၌ ကျင်းပခဲ့သည့် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့(APEC) ထိပ်သီး အစည်းအဝေး၏ ဘေးပန်းတွေ့ဆုံမှုတွင် ပထမဆုံးအကြိမ်တွေ့ဆုံပြီးနောက် နှစ်လအတွင်း ဒုတိယအကြိမ် တွေ့ဆုံခြင်းဖြစ်ကြောင်း YH သတင်းဌာန ဖော်ပြချက်အရသိရသည်။