ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ ၂၀၁၃ ကို ပြင်ဆင်ရန်လုပ်ဆောင်နေ

(ပြည်တွင်း) ဒီဇင်ဘာ ၃၁

ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ ၂၀၁၃ ကို ပြင်ဆင်ရန် လုပ်ဆောင်လျက် ရှိကြောင်း ဘဏ္ဏာရေးနှင့်အခွန်ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် က ပြောကြားခဲ့‌ကြောင်း သိရပါတယ်။

နိုင်ငံတကာငွေချေးသက်သေခံလက်မှတ်ကော်မရှင်များအဖွဲ့(International Organization of Securities Commission-IOSCO) သို့ ဝင်ရောက်နိုင်ရေးအတွက် စံသတ်မှတ်ချက်ပြည့်မီရန် လိုအပ်ချက်အရ ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကို ပြင်ဆင်လိုခြင်းဖြစ်ကြောင်း ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းနှင့်ပတ်သက်၍ ဒီဇင်ဘာလ ၂၉ ရက်တွင် ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ(၂၀၁၃)မှာ ပြဌာန်းပါရှိတဲ့ အချို့စကားရပ် များက ခေတ်ကာလအခြေအနေနှင့် ဆီလျော်မှုမရှိကြောင်းလည်း ဦးဟန်ဝင်းအောင် ကပြောကြားခဲ့ပါတယ်။

ဒါကြောင့် လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေ‌ရေးအတွက် ပြင်ဆင်တဲ့အချက်များကလည်း မြန်မာနိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံတကာငွေချေးသက်သေခံလက်မှတ်ကော်မရှင်များအဖွဲ့ – IOSCO သို့ မြန်မာနိုင်ငံဝင်ရောက်နိုင်ရေးအတွက် ဦးစားပေးပြင်ဆင်ပြဌာန်းသင့်တဲ့ ဥပဒေဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ အစည်းဝေးမှာ ပြင်ဆင်တဲ့ဥပဒေမူကြမ်းကို ပြဌာန်းနိုင်ရေး အပြီးသတ်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။