နှစ်သစ်ကူးရုံးပိတ်ရက်အပြင် လွတ်လပ်‌ရေးနေ့ထိ လေးရက်ဆက်တိုက်ပိတ်မည်

(ပြည်တွင်း) ဒီဇင်ဘာ ၃၀

၂၀၂၆ နှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် ဇန်နဝါရီလ ၁ ရက်မှ ၂ ရက်အထိ ပိတ်မည့်အပြင် ကြားရက်ဖြစ်တဲ့ အစားထိုးရုံးတက်ရက်အဖြစ် ဇန်နဝါရီလ ၃ ရက်အား သတ်မှတ်ထားရှိမှုကို ပြင်ဆင်သတ်မှတ်ကာ လွတ်လပ်‌ရေးနေ့ (ဇန်နဝါရီလ ၄ ရက်)အထိ တဆက်တည်း ရုံးပိတ်ရက်အဖြစ် ပြောင်းလဲသတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် စနေနေ့ကို နိုင်ငံတကာနှစ်သစ်ကူးရုံးပိတ်ရက်များနှင့် လွတ်လပ်ရေးနေ့ ရုံးပိတ်ရက်တို့အကြား ကြားရက်ဖြစ်နေခြင်းကြောင့် အစားထိုးရုံးတက်ရက်အဖြစ် ဇန်နဝါရီလ ၃ ရက်အစား ဇန်နဝါရီလ ၁၀ ရက်ကို ပြင်ဆင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီလ ၃ ရက်က နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက်ကာလနှင့် လွတ်လပ်ရေးနေ့ထိ ဖြစ်နေခြင်းကြောင့် ရုံးတက်ရက်ကို အစားထိုးပြင်ဆင် သတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်၊ ၂၇ ရက် နှင့် ၂၈ ရက်တို့ကြားရှိ ဒီဇင်ဘာလ ၂၆ ရက်ကို တစ်ဆက်ထဲ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်ကို အစားထိုးရုံးတက်ရက်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။

လက်ရှိပြင်ဆင်မှုအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်အစား ဇန်နဝါရီလ ၁၀ ရက်ကို အစားထိုးရုံးတက်ရက်အဖြစ် ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။

အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန် နှင့် ရက်ရှည်အနားယူအပန်းဖြေစေနိုင်ရန် အတွက် တစ်ဆက်တည်းရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးပြီး အစားထိုးရုံးတက်ရက်များကို သတ်မှတ်ပေးခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။