ရုရှားလေတပ်မှ တီယူ-၉၅ အမျိုးအစား မဟာဗျူဟာဗုံးကြဲလေယာဉ်များ နော်ဝေဂျီယံနှင့် ဘာရန်းပင်လယ်တို့၌ ကင်းလှည့်ပျံသန်း

(နိုင်ငံတကာ) ဒီဇင်ဘာ ၂၆

ရုရှားလေတပ်မှ နျူကလီးယားလက်နက်သယ်ဆောင်နိုင်သော မဟာဗျူဟာ ဗုံးကြဲလေယာဉ်များသည် နော်ဝေဂျီယံပင်လယ်နှင့် ဘာရန်းပင်လယ်တို့၌ ကင်းလှည့်ပျံသန်းခဲ့ ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်ဟု RT သတင်းဌာနက ဖော်ပြခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ နော်ဝေဂျီယံပင်လယ်နှင့် ဘာရန်းပင်လယ်တို့၌ ကင်းလှည့် ပျံသန်းခဲ့သော လေယာဉ်များမှာ မဟာဗျူဟာ ဗုံးကြဲလေယာဉ်များ ဖြစ် တီယူ- ၉၅ အမျိုးအစားဖြစ်ကြောင်း သိရသည်။

အဆိုပါ တီယူ-၉၅ ဗုံးကြဲလေယာဉ်များကို စောင့်ကြည့်ရေးအတွက် ပြည်ပနိုင်ငံအချို့က တိုက်လေယာဉ်များ စေလွှတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

သို့ရာတွင် တီယူ- ၉၅ မဟာ ဗျူဟာဗုံးကြဲလေယာဉ်များ နော်ဝေဂျီယံပင်လယ်နှင့် ဘာရန်းပင်လယ်ဒေသတို့၌ ကင်းလှည့်ပျံသန်းခဲ့သည့်နေ့ကို ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

ရုရှားတပ်မတော်သည် ကမ္ဘာ့ဒေသအများအပြား၌ မဟာဗျူဟာ ဗုံးကြဲလေယာဉ်များဖြင့် ကင်းလှည့်ပျံသန်းမှုများကို ပုံမှန်ပြုလုပ်လေ့ရှိသည်။

ထို့ပြင် ယခုလအစောပိုင်းကလည်း ရုရှားမဟာဗျူဟာ ဗုံးကြဲလေယာဉ်များသည် တရုတ်လေတပ် မဟာဗျူဟာ ဗုံးကြဲလေယာဉ်များနှင့်ပူးတွဲ၍ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့အနီး ကင်းလှည့်ပျံသန်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

#PAN