
(ပြည်တွင်း) ဒီဇင်ဘာ ၂၂
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို ၂၀၂၆ ခုနှစ်၊ဇန်နဝါရီလ ၁၃ ရက်မှ ၁၅ ရက်အထိ နေပြည်တော်မှာ ၃ ရက် ကြာကျင်းပသွားမည်ဖြစ်ရာ ဖိုရမ်မှာခေါင်းစဥ် ၁၀ ခုကို လူငယ် ၃၅၀ ဦးခန့်က ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကျင်းပရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဒီဇင်ဘာလ ၁၈ ရက်က ပြုလုပ်ရာ The National Solidarity and Peacemaking Negotiation Committee (NSPNC)မှဖိုရမ်ကို လူငယ် ၃၅၀ ဦးနဲ့ကျင်းပရန်လျာထားမှုနှင့် ဖိုရမ်ဖွင့်ပွဲကို လူအင်အား ၁,၀၀၀ နဲ့ပြုလုပ်ရန် စီစဥ်ဖိတ်ကြားမည့် လျာထားမှုတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ချုပ်ဒေါက်တာ စန်းစန်းအေးမှလည်း အုပ်စု ၃ မှာပါဝင်သော ငြိမ်းချမ်းရေး အဖွဲ့အစည်းများမှ လူငယ်အင်အား အမျိုးသား ၆ ဦး၊ အမျိုးသမီး ၆ ဦး၊ EAO လူငယ်များမှာ အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၈ ဦးတို့ဖြစ်၍ ယခုထက်အင်အားများများပါဝင်စေလိုတယ်လို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဆက်လက်ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကျင်းပပြီးပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ထပ်ဆင့် ရှင်းလင်းပွဲများစီစဉ်ပေးစေလိုပြီး လူငယ်ရေးရာဒုတိယဝန်ကြီးမှလိုက်လံရှင်းပြပေးနိုင်တယ်လို့ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
အဆိုပါ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အားတက်ရောက်ရန်စိတ်ပါဝင်စားသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား လူငယ်များအနေနဲ့ လျှောက်လွှာများဖြည့်သွင်းပြီး သတ်မှတ်ရုံး များသို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရပါတယ်။