(နိုင်ငံတကာ) ဒီဇင်ဘာ ၆
ဂါဇာကမ်းမြောင် တောင်ပိုင်း ရာဖာမြို့ရှိ ဥမင်လိုဏ်ခေါင်းတစ်ခု အတွင်းပိတ်မိနေသည့် ဟားမတ်စ် စစ်သွေးကြွဦးရေ ၄၀ ခန့်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း အစ္စရေးတပ်မတော်က ဒီဇင်ဘာ ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။

ဂါဇာတောင်ပိုင်း ရာဖာမြို့သည် လက်ရှိတွင် အစ္စရေးတပ်မတော်က ထိန်းချုပ်ထားခြင်းဖြစ်သည်။
ရာဖာမြို့ရှိ မြေအောက်ဥမင်များထဲတွင် ဟားမတ်စ်အုပ်စုဝင်ဦးရေ ၂၀၀ ခန့် ပိတ်မိနေကြောင်း အစ္စရေးနှင့် အမေရိကန်တာဝန်ရှိသူများက ပြောကြားထားသည်။
ထိုသို့ပိတ်မိနေသည့် ဟားမတ်စ်အုပ်စုဝင်အချို့သည် ဥမင်လမ်းကြောင်းသို့ ထွက်လာချိန်တွင် အစ္စရေး တပ်များနှင့် ပစ်ခတ်မှုများဖြစ်ကာ သေဆုံးခဲ့ရပြီး အချို့ကမူ အစ္စရေးတပ်များထံ လက်နက်ချခဲ့ကြကြောင်း အစ္စရေး မီဒီယာများက သတင်းထုတ်ပြန်ထားသည်။
ရာဖာမြို့ ဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိနေစဉ် အစ္စရေးတပ်များနှင့် ပစ်ခတ်မှုများဖြစ်ပွားပြီး သေဆုံးခဲ့ ရသော ဟားမတ်စ်အုပ်စုဝင်ဦးရေ ၄၀ အနက် နယ်ခံဟားမတ်စ်တပ်မှူး အနည်းဆုံးသုံးဦးပါဝင်ကြောင်း အစ္စရေး တပ်မတော်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရာဖာမြို့ ဥမင်လိုဏ်ခေါင်းများအတွင်း ပိတ်မိနေသည့် ဟားမတ်စ်အဖွဲ့ဝင်ဦးရေမှာ မည်ရွေ့မည်မျှ ရှိသည်ကို ဟားမတ်စ်အုပ်စုက ထုတ်ဖော်ပြောကြားခြင်းမရှိကြောင်း သိရသည်။
#PAN