(ပြည်တွင်း) ဒီဇင်ဘာ ၁
ရခိုင်ပြည်နယ်အတွင်းက ပြည်သူတွေကို ပြည်မက အရက်ဘီယာ သောက်သုံးခွင့်ကို ပိတ်ပင်ထားပေမယ့် AA က အရာရှိတွေကိုယ်တိုင်ကတော့ ပြည်မကလာတဲ့ ဝီစကီတွေ ဘီယာတွေကို လွတ်လွတ်လပ်လပ် ဇိမ်ခံပြီး သောက်သုံးနေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရခိုင်လက်နက်ကိုင်အဖွဲ့ AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ပြည်မက အရက်၊ ဘီယာတင်သွင်းခွင့်ကို ပိတ်ပင်ထားသလို ပြည်သူတွေ သောက်သုံးခွင့်မရှိစေဖို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကနေစတင်ပြီး ပိတ်ပင်အရေးယူထားနေတာဖြစ်ပါတယ်။
မြန်မာတပ်မတော်က အရက်ဘီယာရောင်းချခြင်းက အကျိုးအမြတ်ရရှိနေတာကြောင့် တပ်မတော်ရဲ့ ဝင်ငွေလမ်းကြောင်းကို ပိတ်ဆို့ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို တားမြစ်ပိတ်ပင်ခဲ့ပြီး ကျူးလွန်သောက်သုံးသူတွေကို အရေးယူနေတာလည်း ဖြစ်ပါတယ်။

AA က အဲဒီလို တားမြစ်ပိတ်ပင် အရေးယူပြီးတဲ့နောက်မှာ ရခိုင်ပြည်က ရခိုင်အမျိုးသားတွေဟာ ဒေသချက် အရည်အသွေးမပြည့်မီတဲ့၊ ဘတ္ထရီအက်စစ်တွေ၊ မယ်သနော အဆိပ်ဓာတ်တွေ အများကြီးပါဝင်တဲ့ ချက်အရက်တွေကို အန္တရာယ်ရှိမှန်းသိသိနဲ့ သောက်သုံးနေရပေမယ့် AA အရာရှိတွေရဲ့ အရက်ဝိုင်းတွေမှာ အဆင့်မြင့်ဝီစကီတွေချည်းသာ သောက်နေကြတာဖြစ်တယ်လို့ ရခိုင်အခြေစိုက် မီဒီယာတွေက ရေးသားထားကြပါတယ်။
AA က တားမြစ်ထားတဲ့ အရက်ဘီယာတွေထဲကမှ AA အရာရှိတွေသောက်သုံးနေသော အရက်ဘီယာတွေမှာ Grand Royal၊ Black Label, Red Label နဲ့ ABC ဘီယာ၊ Andaman ဘီယာ စတာတွေကို အဓိက AA ရုံးစိုက်ရာနေမြေတွေမှာ သောက်သုံးနေကြတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြို့သိမ်းစဉ်က ဖမ်းမိတဲ့ ပြည်ပထုတ်အရက်ဘီယာတွေ၊ ပြည်မထုတ် အရက်ဘီယာတွေကို AA အရာရှိတွေကိုယ်တိုင် တိတ်တဆိတ် ပြန်လည်ရောင်းချတာတွေ၊ သောက်သုံးတာတွေကို ပြုလုပ်နေကြရသလို၊ ရခိုင်ဒေသခံတွေက AA အရာရှိတွေဆီက လုပ်ငန်းကိစ္စအကူအညီတစ်ခုခုတော င်းလိုတဲ့အခါမှာလည်း နိုင်ငံခြားဖြစ် အဆင့်မြင့်အရက်တွေနဲ့ လာဘ်ထိုးပြီး အကူအညီတောင်းကြရတယ်လို့လည်း ရေးသားထားပါတယ်။
AA ရုံးစိုက်ရာ တပ်စခန်းနယ်မြေအတွင်း AA အရာရှိတွေဟာ ၎င်းတို့ကိုယ်တိုင် တားမြစ်ထားတဲ့ အဆင့်မြင့်အရက်တွေကို သောက်သုံးနေတာကို ပြည်သူတွေဆီ သတင်းမပေါက်ကြားစေဖို့ တပ်တွင်းမှာ အရေးယူဖို့ အမိန့်ဥပဒေတွေ ထုတ်ထားတယ်လို့လည်း သိရပါတယ်။
AA က အရာရှိတွေမှာ နိုင်ငံခြားဖြစ် ဝီစကီအရက်ဘီယာတွေကို တပျော်တပါးဇိမ်ခံသောက်သုံးနေကြပေမယ့် AA က ရခိုင်ပြည်သူတွေကို ပြည်ပ/ပြည်မ အရက်သောက်သုံးခွင့်ကို တားမြစ်ထားတာကြောင့် ဓနိရည်တွေနဲ့ အရည်သွေးနိမ့်တဲ့ ဒေသထွက်ချက်အရက်တွေကို သောက်သုံးနေကြရတာလည်း ဖြစ်ပါတယ်။
ဒေသခံပြည်သူအချို့မှာ သေဆုံးနိုင်ခြေရှိတဲ့ မယ်သနော အဆိပ်ဓာတ်ပါဝင်မှု မြင့်မားတဲ့ ဒေသထွက် ချက်အရက်ကို သောက်သုံးနေကြရတာကြောင့် ရခိုင်အမျိုးသားအချို့ ပုံမှန်မဟုတ်တဲံ အရက်သောက်သေဆုံးမှုတွေလည်း မြင့်တက်နေတာဖြစ်ပါတယ်။
Photo – ပုံဟောင်း
#PAN