
(ပြည်တွင်း) နိုဝင်ဘာ ၂၅
ရွေးကောက်ပွဲမဲဆွယ်ကာလဖြစ်တဲ့ ယခုနိုဝင်ဘာလအတွင်း ရန်ကုန်မှာရှိတဲ့ နိုင်ငံရေးပါတီတစ်ချို့က ကုန်ပစ္စည်းတစ်ချို့ကို ချိုသာတဲ့ဈေးနှုန်းတွေနဲ့ လှည့်လည်ရောင်းချနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ကစတင်ပြီး ရန်ကုန်တိုင်း လှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက စားသောက် ကုန်စည်တစ်မျိုးဖြစ်တဲ့ ကြက်ဥတွေကို ဈေးနှုန်းချိုသာစွာနဲ့ လိုက်လံရောင်းချနေတာတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီနည်းတူ ပြည်သူ့ရှေ့ဆောင်ပါတီကလည်း ဈေးကားတွေနဲ့ ဗဟန်းနဲ့ မရမ်းကုန်းမြို့နယ်တွေမှာ ကြက်ဥတွေလှည့်လည်ရောင်းချနေတာတွေလည်း ရှိနေပါတယ်။
“ကျွန်တော်တို့ရပ်ကွက်ထဲမှာ ပြည်ခိုင်ဖြိုးကလာရောင်းတယ်၊ PPP ကတော့ မရမ်းကုန်းဘက်မှာရောင်းတယ်လို့ကြားတယ်။ ပြည်ခိုင်ဖြိုးက ကြက်ဥတစ်လုံးကို ၂၅၀ နှုန်းနဲ့ လူတစ်ဦးကို ကြက်ဥ( ၁၀)လုံး ရောင်းပေးတယ်။ PPP ကတော့ ကြက်ဥတစ်လုံးကို ၂၈၅ ကျပ်နှုန်းနဲ့ ရောင်းပေးတာလို့သိရတယ်။ ပြီးတော့ ကိုယ်စားလှယ်တွေရဲ့လက်ကမ်းစာဆောင်တွေဝေတယ်။ ပါတီတွေက ပြည်သူတွေကို ဘယ်လောက်အထိစေတနာထားတယ်ဆိုတာ ပြချင်တဲ့သဘောလို့ပဲမြင်ပါတယ်” လို့ ရန်ကုန်မြို့ကဒေသခံတစ်ဦးပြောပါတယ်။
ပြည်သူတွေကို ဈေးနှုန်းသက်သာစွာနဲ့ လတ်တလောစားသောက်ကုန်တွေရောင်းချပေးတဲ့နေရာကို ပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းတွေတက်ရောက်ပြီး ကိုယ်စားလှယ်လောင်းမိတ်ဆက်လက်ကမ်းစာဆောင်တွေ ပေးဝေခဲ့ကြတယ်လို့လည်း သိရပါတယ်။