၂၀၂၆ ခုနှစ်ကို ထိုင်းတော်ဝင်ရေတပ်ရဲ့ “တိုက်ပွဲဝင်အသင့်ဖြစ်မှုနှစ် အဖြစ်သတ်မှတ်

(နိုင်ငံတကာ) နိုဝင်ဘာ ၂၄

၂၀၂၆ ခုနှစ်ကို ရေတပ်၏ “တိုက်ပွဲဝင်အသင့်ဖြစ်မှုနှစ်” (Year of Combat Readiness) အဖြစ် သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

ထိုင်းရေတပ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး ပိုင်ရွတ် ဖူယောင်ချန် (Admiral Pairoj Fueangchan) ဟာ (၁၁၉) ကြိမ်မြောက် ရေတပ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဘာသာရေး အခမ်းအနားမှာသတ်မှတ်လိုက်တာဖြစ်တယ်လို့ သိရပြီး လူအင်အား၊ လက်နက်ပစ္စည်း၊ နည်းဗျူဟာနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ မဏ္ဍိုင်ကြီး (၄) ရပ်ကို အဓိကထား မြှင့်တင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ထိုင်းရေတပ်ဟာ လူအင်အားအသုံးပြုမှုကို လျှော့ချပြီး နည်းပညာအခြေပြု လူမဲ့စနစ်တွေကို ပိုမိုအားပြုလာမယ့် ပုံစံကို ဦးတည်နေပြီး၊ တစ်ဖက်မှာလည်း နယ်စပ်လုံခြုံရေးအတွက် လက်နက်ကြီး အင်အားကို တိုးမြှင့်ပြင်ဆင်နေတာ တွေ့ရတယ်လို့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ တည်ထောင်သူနဲ့ အမှုဆောင် ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက သုံးသပ်ထားပါတယ်။

စစ်ရေယာဉ် အဆင့်မြှင့်တင်ရေး စီမံကိန်းတွေအဖြစ် HTMS Chakri Naruebet လေယာဉ်တင်သင်္ဘော  (ကမ်းလွန်ကင်းလှည့် ရဟတ်ယာဉ်တင်သင်္ဘော – Offshore Patrol Helicopter Carrier) ကို လူမဲ့လေယာဉ် (UAV)၊ ရေပြင်သွား လူမဲ့ယာဉ် (USV) နဲ့ ရေအောက်သွား လူမဲ့ယာဉ် (UUV) တွေ တင်ဆောင်နိုင်တဲ့ “UXV Platform” အခြေစိုက်ရေယာဉ်အဖြစ် ပြောင်းလဲအသုံးပြုဖို့ ဖြစ်နိုင်ခြေတွေကို လေ့လာနေတယ်လို့လည်း သိရပါတယ်။

လေ့လာဆန်းစစ်မှုတွေအရ UAV ၂၄ စီး လိုအပ်တယ်လို့ တွေ့ရှိရပါက ဒီအတိုင်း စတင်စီစဉ်သွားမှာဖြစ်ပြီး စစ်ဆင်ရေးပုံစံနဲ့ နည်းပညာတွေ ပြောင်းလဲနေတာကို သိရှိပြီး လူမဲ့စနစ်တွေဟာ အရင်းအမြစ်အင်အား လျော့နည်းစွာနဲ့ စစ်ဆင်ရေးဆောင်ရွက်နိုင်စေတယ်လို့ ရေတပ်ဦးစီးချုပ်က ပြောပါတယ်။

နည်းပညာပေါင်းစပ်မှုအနေနဲ့ သမားရိုးကျ စစ်ရေယာဉ်တွေနဲ့ ရေငုပ်သင်္ဘောတွေဟာ အရေးပါဆဲဖြစ်ပေမယ့်၊ ရေတပ်နဲ့ မြေပြင် (တပ်စုအဆင့်) တပ်ဖွဲ့တွေမှာ လူမဲ့စနစ်တွေ (Drones) နဲ့ ဒရုန်းကာကွယ်ရေးစနစ် (Anti-drone) တွေကို ပေါင်းစပ်ထည့်သွင်းကာ စွမ်းရည်မြှင့်တင်သွားမယ်လို့လည်း သိရပါတယ်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်လုံခြုံရေးနဲ့ပတ်သက်ပြီး တပ်ဖြန့်ကြက်မှု – နယ်စပ်တင်းမာမှုတွေကြောင့် ချန်သဘူရီ-ထရတ်ဒေသမှာ တပ်ဖွဲ့တွေကို အပြည့်အဝ ပြန်လည်ဖြန့်ကြက်ထားပြီး Schiebel အမျိုးအစား ကင်းထောက်ဒရုန်းတွေကိုပါ အသုံးပြုနေသလို နယ်စပ်ခရိုင်တစ်ခုကို ၁၅၅ မမ နဲ့ ၁၀၅ မမ အမြောက်တပ်ခွဲ တစ်ခုစီ တိုးမြှင့်ချထားတယ်လို့လည်း သိရပါတယ်။ ရေတပ်ဦးစီးချုပ်က အမှတ် (၁)နဲ့ အမှတ် (၂) စစ်တိုင်းတွေနဲ့ ပူးပေါင်းစစ်ဆင်ရေးတွေ ဆင်နွှဲဖို့ အနီးကပ် ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

#PAN