(စီးပွားရေး) နိုဝင်ဘာ ၂၄
နိုင်ငံတော်အတွင်း စားသုံးဆီကြိတ်ခွဲ ထုတ်လုပ်ရောင်းချနေသော ဆီစက်များအသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ကုန်ကြမ်းဝယ်ယူခြင်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ် ဘီလီယံ ၅၀ မတည်ထူထောင်ပေးခဲ့ပြီး တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးလျက်ရှိ ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက သိရသည်။

ယခင်က ချေးငွေထုတ်ချေးခြင်းကို မြန်မာစီးပွားရေး ဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များနဲ့သာ ဆောင်ရွက်ခဲ့ရာမှ ယခု PFI ဘဏ်များအဖြစ် ပုဂ္ဂလိက ဘဏ် ၁၄ ဘဏ် ပါဝင်လာမည်ဖြစ်၍ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအစီအစဉ်ကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြောကြားထားသည်။
ဒါကြောင့် ချေးငွေပမာဏကိုလည်း ယခင်က ဆီစက်လုပ်ငန်းရှင်တစ်ဦးလျှင် ငွေကျပ် သိန်း ၃,၀၀၀ ထိသာ ထုတ်ချေးခဲ့ရာမှ ယခုငွေကျပ်သိန်း ၅,၀၀၀ အထိ တိုးမြှင့်ထုတ်ချေး ခွင့်ပြုထားပြီး ဆီစက်အကြီးများ တည်ဆောက် တပ်ဆင်ခြင်းအတွက် ငွေကျပ်သိန်း ၁၀,၀၀၀ အထိ ထုတ်ချေးမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအစီအစဉ်တွင် ငွေရေးကြေးရေးအဖွဲ့အစည်း (Participating Financial Institution-PFI)အဖြစ် ပါဝင်ဆောင်ရွက်မည့် ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်နှင့် ပူးပေါင်း ဆောင်ရွက်မှုသဘောတူစာချုပ်ကိုလည်း နိုဝင်ဘာလ ၂၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
#PAN