(ပြည်တွင်း) နိုဝင်ဘာ ၂၃
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဟာ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေတဲ့ ဧရိယာအကျယ်အဝန်း (ဧက ၂၅၆၀) ရှိနယ်မြေကို “မစမ်းပါးကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ်သတ်မှတ်လိုက်တယ်လို့သိရပါတယ်။

ဝန်ကြီးဌာနဟာ ၂၀၁၈ ခုနှစ် သစ်တောဥပဒေပုဒ်မ (၆)၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် အမိန့်ကြော်ငြာစာအမှတ် (၉၇/၂၀၂၅) အရ ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၂) ရက် (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်)မှစပြီး သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဟာ ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေဖို့ ဒီရေတောပင်တွေဟာ ကပ္ပလီပင်လယ်ပြင်က ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်တွေကို တံတိုင်းသဖွယ် တားဆီးကာကွယ်ပေးနိုင်ဖို့နဲ့ ဒေသခံပြည်သူတွေ အတွက် သား၊ ငါး၊ ပုစွန် စတဲ့ ရေသယံဇာတတွေ အစဉ်မပြတ်ထုတ်ယူ သုံးစွဲနိုင်ဖို့နဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ သစ်၊ ထင်း၊ တိုင်၊ မျောစတဲ့ သစ်တောထွက်ပစ္စည်းတွေ ဖြည့်ဆည်းပေးနိုင်ဖို့၊ ဇီဝမျိုးစုံမျိုးကွဲတွေ ရေရှည်တည်တံ့ထိန်းသိမ်းနိုင်ဖို့နဲ့ သဘာဝပတ်ဝန်းကျင် လေထုကကာဗွန်များစွာ သိုလှောင်ထိန်းညှိပေးနိုင်ဖို့ လူသားတို့ရဲ့ စနစ်မကျသော မြေအသုံးချမှုတွေကို သစ်တောဥပဒေနဲ့အညီ ထိရောက်စွာ ကာကွယ်တားဆီးနိုင်ဖို့ နိုင်ငံတော်ရဲ့ ရည်မှန်းချက်တစ်ရပ်ဖြစ်တဲ့ သစ်တောဖုံးလွှမ်းမှုဧရိယာ တိုးပွားလာစေဖို့ရည်ရွယ်ပြီး ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောတွေကို ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
မစမ်းပါးကျွန်း ဒီရေတောကြိုးပြင်ကာကွယ် တောသတ်မှတ်ခြင်းအားဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိတဲ့ ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ ငှက်(ခ)နှံဗြူး၊ ကနစို၊ လန်းဘဲ၊ ကျန၊ ပင်လယ်အုန်း၊ ကဗျိုင်၊ ဘူးဇရပ်၊ လမု၊ သမဲ့၊ မဓမပင်၊ ခရာ၊ ဇလိပ်နွယ်နှင့် တမော်စသည့် ဒီရေတောပင်များ ပေါက်ရောက်မှုကို ရေရှည်တည်တံ့စေဖို့ ကာကွယ် နိုင်ခြင်း၊ ရေငန်ငါးအမျိုးမျိုး၊ ခရုမျိုးစုံ၊ ကဏန်းမျိုးစုံ၊ ပုစွန်မျိုးစုံ၊ ဗျိုင်း၊ ဗျိုင်းအောက်၊ ကြက်တူရွေး၊ သိမ်းငှက်၊ ပန်းဇင်ငှက်၊ ငှက်စလုံ (တင်ကျီးငှက်)နဲ့ ငှက်တုံးငှက်မျိုးတွေ ကျက်စားရာဒေသကို ထိန်းသိမ်းနိုင်ခြင်း၊ ဒေသခံတွေ အတွက် ဆူနာမီမုန်တိုင်းအစရှိတဲ့ သဘာဝဘေးအန္တရာယ်က ကာကွယ်ပေးနိုင်ခြင်း၊ ကမ်းရိုးတန်းဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုစေခြင်း၊ သား၊ ငါး၊ ပုစွန်တွေ ခိုအောင်းပေါက်ပွား ရှင်သန်နိုင်သဖြင့် ဂေဟစနစ်ပိုမို ကောင်းမွန်လာနိုင်ပြီး ဒေသခံများအတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေတိုးပွားလာစေခြင်း၊ ဒေသခံများအတွက် အခြေခံလိုအပ်တဲ့ သစ်၊ တိုင်၊ မျော၊ ထင်း၊ လောင်စာတွေအတွက်လည်း အထောက်အကူပြု စေနိုင်ခြင်စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
#PAN