(ပြည်တွင်း) နိုဝင်ဘာ ၂၂
နေပြည်တော် ရထားစက်ခေါင်းစက်ရုံကနေ ထုတ်လုပ်တယ်လို့ သတင်းထွက်ပေါ်ထားတဲ့ Battery Electric Locomotivecal လို့ခေါ်တဲ့ ဘက်ထရီသုံးလျှပ်စစ်ရထားစက်ခေါင်းသုံး လေအိတ်အဲယားကွန်း တွဲဆိုင်းရထားတွေ ဒီနေ့ စတင်ပြေးဆွဲပါတယ်။

ရေနွေးငွေ့နဲ့စတင်ခဲ့တဲ့ မြန်မာ့မီးရထားသမိုင်းဟာ ဒီနေ့ဆိုရင် ဘက်ထရီအသုံးပြုတဲ့လျှပ်စစ်စက်ခေါင်းတွေနဲ့ပြေးဆွဲတဲအထိတိုးတက်လာတာဖြစ်ပါတယ်။
ရထားစက်ခေါင်းရဲ့အလယ်မှာ ဘက်ထရီအခန်း ၆ ခန်းနဲ့ ထည့်သွင်းဆောက်လုပ်ထားတဲ့ ဒီဇိုင်းဖြစ်တယ်လို့သိရပြီး တရုတ်နည်းပညာနဲ့ပူးပေါင်းဆောင် ထုတ်လုပ်တာဖြစ်နိုင်တယ်လို့ သုံးသပ်သူတစ်ချို့ကတော့ ပြောဆိုထားတာရှိပါတယ်။

ရထားစက်ခေါင်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတွက်ရရှိမယ့် အကျိုးကျေးဇူးနဲ့ ဝန်ဆောင်ပေးမယ့်အစီအစဥ်တွေကို PAN က သက်ဆိုင်ရာဝန်ကြီးဌာနကိုမေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာတော့ မရှိပါဘူး။
ဘက်ထရီလျှပ်စစ်စက်ခေါင်း အသုံးပြု လေအေးပေးစက်ပါ လေအိတ်ရထားတွဲဆိုင်း စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကိုတော့ ဒီနေ့ နိုဝင်ဘာ ၂၂ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်၊ မန္တလေးဘူတာကြီးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အများပြည်သူတွေ ရထားနဲ့ ခရီးသွားလာရာမှာ အဆင်ပြေချောမွေ့နိုင်စေဖို့စီစဉ်တာလို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားကပြောပါတယ်။
နေပြည်တော်-မန္တလေး၊ မန္တလေး-နေပြည်တော် ရထားခရီးစဉ်တွေကို RBE ရထားတွဲဆိုင်းတွေနဲ့ ပြေးဆွဲပေးနေပေမယ့် လက်ရှိမှာတော့ ဘတ္တရီလျှပ်စစ် စက်ခေါင်းတွေ အသုံးပြုပြီး စတင်ပြေးဆွဲပေးတော့မယ်လို့လည်း သိရပါတယ်။
#PAN