
(နိုင်ငံတကာ) နိုဝင်ဘာ ၂၀
တောင်ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံ၏ သဘောတူမှုဖြင့် အကောင်အထည်ဖော်မည့် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတည်ဆောက်ရေးအစီအစဉ်သည် ဆင့်ကဲအကျိုးဆက်ဖြစ်ပေါ်မှုဖြစ်သည့် နျူကလီးယား ဒိုမီနိုအကျိုးဆက်ကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း မြောက်ကိုရီးယားက နိုဝင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။
တောင်ကိုရီးယား သမ္မတလီဂျေးမြောင် နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့က အောက်တိုဘာလတွင် တွေ့ဆုံဆွေးနွေးစဉ် တောင်ကိုရီးယားက ယခုအစီအစဉ်ကို အဆိုပြုခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာလ ၁၄ ရက်တွင် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတည်ဆောက်မည့် အစီအစဉ်နှင့် ပတ်သက်၍ တောင်ကိုရီးယားနှင့် အမေရိကန်တို့က အသေးစိတ်အချက်အလက်များကို ထုတ်ပြန်လာသည်။
ထိုထုတ်ပြန်ချက်တွင် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက်များကို ဖျက်သိမ်းမည့်ကတိပြုမှုလည်း ပါဝင်သည်။ ယခုကဲ့သို့ထုတ်ပြန်လာမှုသည် တောင်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့က မြောက်ကိုရီးယား နိုင်ငံနှင့် ထိပ်တိုက်တွေ့ဆုံလိုနေသည့် သဘောထားအမှန်ကို ပြသနေခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားသည်ဟု ST သတင်းဌာနမှ သိရသည်။