
(ပြည်တွင်း) နိုဝင်ဘာ ၁၈
ဘက်ထရီလျှပ်စစ် ရထားစက်ခေါင်းတွေကိုအသုံးပြီး ခေတ်မီလေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းတွေနဲ့ နေပြည်တော်-မန္တလေး-နေပြည်တော် ရထားခရီးစဉ်တွေ စတင်ပြေးဆွဲမယ်လို့ သိရပါတယ်။
ဘက်ထရီလျှပ်စစ်ရထားစက်ခေါင်းတွေစမ်းသပ်မောင်းနှင်မှုတွေကို အောက်တိုဘာလကုန်ပိုင်းကစတင် ပြုလုပ်ခဲ့တာတွေ့ရပြီး လာမယ့် နိုဝင်ဘာ ၂၂ ရက်နေ့ကစတင်ကာ လက်ရှိ RBE တွေနဲ့ ပြေးဆွဲနေတဲ့ အမှတ်(၂၇)အဆန် နေပြည်တော်-မန္တလေးနဲ့ အမှတ်(၂၈)အစုန် မန္တလေး-နေပြည်တော် ရထားခရီးစဉ်တွေမှာ အဲ့ဒီစက်ခေါင်းတွေနဲ့ ပြေးဆွဲတော့မှာပါ။
လျှပ်စစ်ဘက်ထရီစက်ခေါင်းတွေနဲ့ပတ်သက်ပြီး Positive Angle News – PAN က စက်ခေါင်းတွေစတင်ထုတ်လုပ်တဲ့ အချိန်ကာလ၊ နည်းပညာ၊ ရရှိနိုင်တဲ့အကျိုးသက်ရောက်မှု၊ တိုးချဲ့သုံးစွဲဖို့အတွက် အစိုးရဘက်က ရည်မှန်းထားတဲ့ အစီအစဉ်၊ ပြည်ပထုတ် လျှပ်စစ်ရထားစက်ခေါင်းတွေနဲ့ နှိုင်းယှဉ်ချက် ၊ ပြည်တွင်းထုတ်လုပ်မှုရဲ့ အရည်အသွေး၊ ကုန်ကျစရိတ်၊ စွမ်းဆောင်ရည်ကွာခြားမှုတွေနဲ့ပတ်သက်ပြီး ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနကိုမေးမြန်းထားဆဲ့ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၂ ရက်နေ့မှာ ဘက်ထရီလျှပ်စစ်စက်ခေါင်း စတင်ပြေးဆွဲမယ့် အမှတ်(၂၇)အဆန် ခေတ်မီလေအေးပေးစက်ပါ လေအိတ်ရထားဟာ နေပြည်တော်ဘူတာကနေ မွန်းတည့် ၁၂ နာရီမှာ စတင်ထွက်ခွာမှာဖြစ်ပြီး မန္တလေးဘူတာကို ညနေ ၅ နာရီမှာ ဆိုက်ရောက်မည်ဖြစ်သလို အမှတ်(၂၈)အစုန် ခေတ်မီလေအေးပေးစက်ပါ လေအိတ်ရထားဟာ မန္တလေးဘူတာကနေ မနက် ၆ နာရီမှာ စတင်ထွက်ခွာပြီး နေပြည်တော်ဘူတာကို မနက် ၁၁ နာရီအချိန်မှာ ဆိုက်ရောက်မယ်လို့သတင်းထုတ်ပြန်ပါတယ်။
မန္တလေးကနေ ရန်ကုန်ကို ဆက်လက်လိုက်ပါလိုတဲ့ခရီးသည်တွေ အနေနဲ့ နေပြည်တော် ဘူတာကနေ မွန်းတည့် ၁၂ နာရီမှာ စတင်ထွက်ခွာမယ့် အမှတ်(၈)အစုန် ခေတ်မီ DEMU ရထားနဲ့ ဆက်လက်လိုက်ပါနိုင်ပြီး ရန်ကုန်ကို ညနေ ၅ နာရီခွဲမှာ ဆိုက်ရောက်မှာဖြစ်သလို ရန်ကုန်ကနေ မနက် ၆ နာရီမှာ ထွက်ခွာမယ့် အမှတ်(၃၁)အဆန် ခေတ်မီ DEMU ရထားနဲ့ လိုက်ပါလာတဲ့ ခရီးသည်တွေအနေနဲ့ မန္တလေးကို ဆက်လက် ချိတ်ဆက်စီးနင်းနိုင်တယ်လို့လည်း သိရပါတယ်။
နေပြည်တော်-မန္တလေး-နေပြည်တော် ခရီးစဉ်ပြေးဆွဲမယ့် လေအိတ်ရထားတွဲဆိုင်းမှာ ရိုးရိုးတန်းလေအိတ်လူစီးတွဲ နှစ်တွဲ၊ လေအေးပေးစက်ပါ အထက်တန်းလေအိတ် လူစီးတွဲနှစ်တွဲနဲ့ လေအိတ်ဘရိတ်တွဲတစ်တွဲ စုစုပေါင်းတွဲ ငါးတွဲ ခရီးသည် ၂၃၈ ဦး လိုက်ပါစီးနင်းနိုင်မှာဖြစ်ပြီး လက်မှတ်ခ နှုန်းထားဟာ မန္တလေး-နေပြည်တော်၊ နေပြည်တော်-မန္တလေး ခရီးစဉ်အတွက် ရိုးရိုးတန်းငွေကျပ် ၁၅၀၀၀၊ အထက်တန်းငွေကျပ် ၂၀၀၀၀ ဖြစ်ပြီး လက်မှတ်တွေကို မိမိတို့သွားရောက်လိုတဲ့ ခရီးစဉ်တွေ အတိုင်း ငါးရက်ကြိုတင်ကာ တယ်လီဖုန်းနဲ့ ကြိုတင်မှာယူပြီး MMQR စနစ်နဲ့ အွန်လိုင်းကနေ ငွေပေးချေနိုင်သလို သက်ဆိုင်ရာ ဘူတာတွေမှာ အထက်တန်းလက်မှတ်ကို သုံးရက်နဲ့ ရိုးရိုးတန်းလက်မှတ်ကို တစ်ရက်ကြိုတင်ပြီး ဝယ်ယူနိုင်မယ်လို့လည်း သိရပါတယ်။
နေပြည်တော်-မန္တလေး ခရီးစဉ်တစ်လျှောက် တပ်ကုန်း၊ ပျော်ဘွယ်၊ သာစည်နဲ့ ကျောက်ဆည် ဘူတာလေးခုမှာသာ ရပ်တန့်ပေးသွားမှာ ဖြစ်ပြီး ဘူတာတွေမှာ ရပ်တန့်ချိန် အပါအဝင် ခရီးစဉ်အစအဆုံး ပြေးဆွဲချိန် ၅ နာရီသာ ကြာမြင့်မယ်လို့လည်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
#PAN