ဂန့်ဂေါမှာ ပြည်ခိုင်ဖြိုးရဲ့ တစ်ဦးတည်းသော ပြိုင်ဘက်ကိုယ်စားလှယ်​လောင်း ကွယ်လွန် 

(ပြည်တွင်း) နိုဝင်ဘာ ၁၇

ပြိုင်ဘက်လွှတ်တော်ကိုယ်စားလှယ်လောင်း ကွယ်လွန်သွားပေမယ့် ဥပ​ဒေ အရမဲပုံးထောင်ရမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကပြောပါတယ်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြိုင်ဘက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကွယ်လွန်သွားတာကြောင့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းတစ်ဦးတည်းသာ ကျန်ရှိတော့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“၂၀၁၅ ရွေးကောက်ပွဲတုန်း NLD က မြင်းမူအမတ်သေဆုံးသွားပေမယ့် သေသွားတဲ့အမတ်အနိုင်ရသွားတဲ့ဖြစ်စဥ်ရှိခဲ့တယ်။ အမည်စာရင်းစိစ်တဲ့ကာလမှာသေဆုံးသွားရင်တော့ ရွေးကောက်ပွဲလုပ်စရာမလိုပေမယ့် အခုက မဲဆွယ်ကာလမှာဖြစ်တာကြောင့် ဥပဒေအရ ရွေးကောက်ပွဲလုပ်ရမှာ” လို့  နိုင်ငံရေးအသိုင်းအဝိုင်းကပြောပါတယ်။

ဂန့်ဂေါမြို့နယ်ဟာ လာမယ့် ဇန်နဝါရီ ၁၁ ရက်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၂ မှာပါဝင်တဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။

ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကို ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်းအမျိုးသမီးတစ်ဦးနဲံ တသီးပုဂ္ဂလကိုယ်စားလှယ်တို့ယှဥ်ပြိုင်ကြမှာပါ။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဒေါ်အိဖြူလွင်နဲ့ ယှဥ်ပြိုင်မယ့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးသန်းဝင်းဆိုသူဟာ ဒီနေ့မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

“သူကျန်းမာရေးမကောင်းရာကနေ သေဆုံးသွားတာပါ” လို့ ဒေသခံတစ်ဦးကပြောဆိုထားပြီး သူ့ရဲ့နာရေးကိုတော့ ဒေသခံတွေဝိုင်းဝန်ဆောင်ရွက်ပေးနေကြတယ်လို့လည်း သိရပါတယ်။

ဂန့်ဂေါမြို့နယ်မဲဆန္ဒနယ်တွေမှာ ပြည်ခိုင်ဖြိုး၊ တစည၊ ပြည်သူ့ပါတီ တို့သာဝင်ရောက်ယှဥ်ပြိုင်ကြမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေရဲ့ မဲဆန္ဒနယ် ၂၈ နေရာကို ပြိုင်ဘက်မဲ့အနိုင်ရရှိထားတယ်လို့ သိရပါတယ်။

Telegram – t.me/positiveanglenews

#PAN