တရုတ်-မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ပထမအကြိမ် အွန်လိုင်းလိမ်လည်မှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေး သို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

(ပြည်တွင်း) နိုဝင်ဘာ ၁၆

တရုတ်-မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ပထမအကြိမ် အွန်လိုင်းလိမ်လည်မှုပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်း အဝေးကို ၁၄-၁၁-၂၀၂၅ ရက်နေ့ ၀၉၀၀ နာရီမှ ၁၇၀၀ နာရီအထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့ရှိ Hai Geng (ဟိုင်ဂင်) ဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် ဦးဆောင်သောကိုယ် စားလှယ်အဖွဲ့၊ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီးမစ္စတာလျိုကျုံးယီ ဦးဆောင်သောကိုယ်စား လှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ကျိုဗန်ထန်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာခမ်ကင်းဖွီလာ မနီဝုန် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့ လက်ထောက်ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဇီရဘ်ဟော့ ဘူရီဒတ်ချ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန မှုခင်းရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး မစ္စတာဖန်မန်ထရုန် ဦးဆောင်သောကိုယ် စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြပြီးကုလသမဂ္ဂမူးယစ်ဆေးဝါး နှင့် မှုခင်းဆိုင်ရာရုံး (UNODC)၊ စင်ကာပူနိုင်ငံအခြေစိုက် အင်တာပိုလ်ရုံးခွဲနှင့် လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာဗဟိုဌာန (LMLECC) တို့မှ ကိုယ်စားလှယ်များက လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် သဘာပတိဖြစ်သူ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနလက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးယီ က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက အမှာစကား အသီးသီးပြောကြာခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် က မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းအသုံးပြု လိမ်လည်မှုများတိုက်ဖျက်ရန် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း၊ လိမ်လည်မှု ကွန်ရက်များနှင့် ရာဇဝတ်ဂိုဏ်းများကို ပြတ်ပြတ်သားသား နှိမ်နင်းဖယ်ရှားရန်၊ အဆိုပါ ကွန်ရက်များ၌ပိတ်မိနေသူများကိုကယ်ဆယ်ရန်၊ ဒေသတွင်းတရားဥပဒေစိုးမိုးရေးကိုထိန်းသိမ်းရန် အထူးအလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊အွန်လိုင်းအသုံးပြု လိမ်လည်မှုတိုက်ဖျက်ရေးသည် လန်ချန်း-မဲခေါင်အသိုက်အဝန်း၏ ဘုံတာဝန်ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ယန္တရားသည် စိန်ခေါ်မှုများကိုရင်ဆိုင် နိုင်မည့် ပလက်ဖောင်းတစ်ရပ်ဖြစ်ကြောင်း အမှာစကားတွင်ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဆက်သွယ်ရေးစနစ်နှင့် အွန်လိုင်းတို့ကိုအသုံးပြုပြီး လိမ်လည်သော မှုခင်းများတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာမဟာမိတ်အဖွဲ့ ပူးတွဲတည်ထောင်ရေး၊ အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်နေသောနေရာများအား ရှင်းလင်းဖယ်ရှားရေးနှင့် ပြည်နှင်လွှဲပြောင်းမှု တိုးမြှင့်ပြုလုပ်ရေး၊အွန်လိုင်းလိမ်လည်မှုပြုလုပ်နေသော အဓိကနေရာ များအားပူးတွဲထိန်းချုပ်ရေး စသည့်ခေါင်းစဉ် သုံးရပ်ဖြင့်ဆွေးနွေးမှုကို ဆက်လက်ပြုလုပ်ခဲ့ရာ အစည်းအဝေးတက်ရောက်လာကြသော နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ဝင် များက အသီးသီးဝင်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းနောက် သဘာပတိဖြစ်သူတရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနလက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးယီ နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာ နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက နိဂုံးချုပ်အမှာစကားအသီးသီးပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် က မြန်မာနိုင်ငံ၏နယ်မြေကိုအသုံးချ၍ဒေသတွင်းနှင့်ကမ္ဘာကို ထိခိုက်စေသည့် မည်သည့် ရာဇဝတ်လှုပ်ရှားမှုကိုမျှခွင့်ပြုမည်မဟုတ်ပါကြောင်း၊ အွန်လိုင်းလိမ်လည်မှု ၏အရင်းအမြစ်ကို ထိထိရောက်ရောက် ဖြတ်တောက်နိုင်မည့် စီမံခန့်ခွဲမှုနှင့်ထိန်းချုပ်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် လူကုန်ကူးခံရသူများကို ကယ်ဆယ်ပြီး ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်များတွင် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းအသုံးပြုလိမ်လည်မှုကို နိုင်ငံတော်အစိုးရ၏မူဝါဒနှင့်အညီ ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားမည်ဖြစ်ကြောင်း နိဂုံး ချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ၁၅-၁၁-၂၀၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

PAN