အထွေထွေရွေးကောက်ပွဲအောင်မြင်အောင် လိုအပ်တဲ့ အခန်းကဏ္ဍကနေ ပူးပေါင်းဆောင်ရွက်ကြဖို့ ပြည်ထဲရေးဝန်ကြီးပြော

(ပြည်တွင်း) နိုဝင်ဘာ ၁၀

လွတ်လပ်ပြီးတရားမျှတတဲ့ထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အရာထမ်း၊ အမှုထမ်း‌တွေအနေနဲ့ လိုအပ်တဲ့ အ ခန်းကဏ္ဍက ပါဝင်ကာ ပူးပေါင်းဆောင်ရွက်သွားကြဖို့နဲ့ နိုင်ငံ့အကျိုးကို အစဉ်သယ်ပိုးနိုင်ပြီး အရည်အသွေး ပြည့်ဝတဲ့ အုပ်ချုပ်ရေးဝန်ထမ်းကောင်းတွေဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်။

(၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားအဖြစ် နိုဝင်ဘာ ၇ ရက် မနက် ၁၀ နာရီခန့်က နေပြည်တော်မှာရှိတဲ့ ဟိုတယ်မက်စ်ဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့အခမ်းအနားမှာ ထောင်စုဝန်ကြီးက ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးသမိုင်းတစ်လျှောက်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးယန္တရား ပြောင်းလဲမှုဖြစ်တွေနဲ့အတူ အသွင်အမျိုးမျိုးနဲ့ပြုပြင်ပြောင်းလဲပြီး ယနေ့ခေတ်ကာလတိုင်အောင် နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးကို အထောက်အကူပြုတဲ့ ဌာနကြီးတစ်ခုအနေနဲ့ ဆက်လက်ရပ်တည်နိုင်ခဲ့ခြင်းဟာ ဂုဏ်ယူဖွယ်ရာဖြစ်တယ်လို့ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းတွေကို ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနဌာနရဲ့ ရည်မှန်းချက်တွေဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာမှာ ဌာနရဲ့ မူဝါဒတွေဖြစ်တဲ့ နိုင်ငံတော်မူဝါဒလိုက်နာရေး၊ အခြေခံ သဘောတရားနဲ့ ကိုက်ညီရေး၊ လုပ်ထုံးလုပ်နည်းနဲ့အညီဖြစ်စေရေး ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်လျက် ရှိတာကိုလည်း တွေ့ရှိရတယ်လို့လည်း ပြောပါတယ်။

၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ မန္တလေး ငလျင်ကြီးကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတို့မှာ ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ရာမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတွေဟာ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့တွေနဲ့အတူ ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းတွေ၊ ထိခိုက်ပျက်စီးမှုစာရင်း ကောက်ယူခြင်းလုပ်ငန်းတွေ၊ ယာယီနေထိုင်နိုင်ရေးလုပ်ငန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်ခြင်း၊ ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းတွေအပေါ် ဌာန အနေနဲ့ များစွာဂုဏ်ယူရမယ်လို့လည်း ဆိုပါတယ်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေနဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ အောင်မြင်စွာ ကျင်းပနိုင်ရေးနဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ မှန်ကန်စွာ လျှောက်လှမ်းနိုင်ရေး ဦးတည်ချက် ၄ ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာ လိုအပ်တဲ့ ပေါင်းစပ် ညှိနှိုင်းမှုတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ ဦးဆောင်မှုအောက်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတွေဟာ အဓိကအင်အားစုအနေနဲ့ ပါဝင်ဆောင်ရွက်နေကြတာကို ဂုဏ်ယူဖွယ်ရာတွေ့ရတယ်လို့ ပြောဆိုခဲ့တယ်လို့ သိပါတယ်။