ရန်ကုန်-မန္တလေး မီးရထားလမ်းတွင် ကိုရင်တစ်ပါး ရထားနှင့်ချိတ်မိရာမှ သေဆုံး

(မှုခင်း) နိုဝင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး ၊ချမ်းမြသာစည်မြို့နယ်၊ချမ်းမြသာစည်(တောင်)ရပ်ကွက်၊အကွက်(၉၀၂)၊၇၈လမ်း၊စစ်ကိုင်းလမ်းခွဲနှင့်မြနန္ဒာလမ်းကြား၊ဦးပွားဂုံးကျော်တံတားအနီး၊မီးရထားသံ လမ်းပေါ်၌ ကိုရင်တစ်ပါး မီးရထားအတိုက်ခံရ၍ သေဆုံးနေကြောင်း သိရသည်။

သေဆုံးသူမှာ ရှင်ပုညနန္ဒ၊လူအမည် အိုက်မန်း၊၁၄နှစ်၊ဝါတော် ၄ဝါ၊(ဘ)ဦးအိုက်ထွန်း၊နံကပ်ကျေးရွာ၊ရပ်စောက်မြို့နယ်(ယခု ချမ်းမြသာစည်မြို့နယ်၊ချမ်းမြသာစည်(တောင်)ရပ်ကွက်၊အကွက် (၈၇၁)၊ချမ်းမြသာစည်ကျောင်း တိုက်တွင် သီတင်းသုံးနေထိုင်သူ)ဖြစ်ပြီး ၅-၁၁-၂၀၂၅ ရက်နေ့ညနေ၅နာရီ အချိန်ခန့်တွင် တစ်ကျောင်းတည်းအတူ သီတင်းသုံးနေထိုင်သည့် ရှင်မုနိန္ဒ၊၇နှစ်၊ဝါတော် ၂ဝါ၊(ဘ)ဦးပေါ်အန်း၊နံကပ်ကျေးရွာ၊ရပ်စောက်မြို့နယ်နေထိုင်သူနှင့်အတူ သီတင်းသုံးနေထိုင်သည့် ကျောင်းတိုက်မှ ထွက်လာခဲ့ပြီး ဦးပွားဂုံးကျော်တံတားအနီး၊ရန်ကုန်-မန္တလေး အစုန်သံလမ်း ၂ခုကြားတွင် ရှင်ပုညနန္ဒမှ အိပ်နေခဲ့ပြီး ရှင်မုနိန္ဒမှာ ရထားသံလမ်းဘေးတွင် အိပ်နေခဲ့ကြောင်း သိရသည်။

၆-၁၁-၂၀၂၅ ရက်နေ့ နံနက်၅နာရီ၇မိနစ် အချိန်တွင် ရှင်ပုညနန္ဒမှာ မန္တလေး-ရန်ကုန် အစုန်ရထားနှင့် ချိတ်မိပြီး ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ ၁ချက်၊ယာ-ဂျိုစောင်း ပေါက်ပြဲဒဏ်ရာ ၁ချက်၊မေးအောက် ပေါက်ပြဲဒဏ်ရာ ၁ချက်၊ယာ-ခြေဖနောင့် ပေါက်ပြဲဒဏ်ရာ ၁ချက်၊ယာ-ဒူးဆစ် ပြုထွက်ဒဏ်ရာ ၁ချက်၊ယာ-ပုခုံးဆစ် ပြုတ်ထွက်ဒဏ်ရာ ၁ချက်တို့ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။