ရုပ်ရှင်ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်နှင့် အောင်ချမ်းလူ(ခ)အေးချမ်းအောင် တို့ကို ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဖြင့် အရေးယူ

(မှုခင်း) နိုဝင်ဘာ ၂


   
ဒါရိုက်တာ သက်လွင်(ခ)ဇမ္ဗူထွန်းသက်လွင်နှင့် ဒါရိုက်တာ အောင်ချမ်းလူ(ခ)အေးချမ်းအောင် တို့အား ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားမှုကြောင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဖြင့် ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ထုတ်ပြန်ချက်အရ ၎င်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နှင့်အညီ တပ်မတော်က နိုင်ငံတော်တာဝန် ထမ်းဆောင်နေသည့်အပေါ် ထောက်ခံမှုမရှိခဲ့သည့်အပြင် မကြာမီကျင်းပရန်ရှိသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စေရေးအတွက် ၎င်းတို့တတ်ကျွမ်းသည့် အနုပညာကဏ္ဍမှ ပူးပေါင်းပါဝင်ခြင်းမရှိခဲ့ ကြောင်း၊ ၎င်းအပြင် ရွေးကောက်ပွဲအောင်မြင်စေရေးအတွက် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နေသည့် အနုပညာရှင်များကို ပြည်ပရောက် အကြမ်းဖက်အဖွဲ့အစည်း ထောက်ခံသူများနှင့် တရားခံပြေးများက လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဝေဖန်ရေးသားသည့်အပေါ် ထောက်ခံအားပေးခဲ့သည်ကို စိစစ်တွေ့ရှိခဲ့ကြောင်း ဖော်ပြထားရှိ ပါတယ်။

မီဒီယာအမည်ခံ အကြမ်းဖက်အားပေး ပြည်ပဩဇာခံအဖွဲ့အစည်းများနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပေါ် ပြည်သူလူထုက အထင်အမြင်လွဲမှားစေရန် အတွက် လှုံ့ဆော်ရေးသားသူများကို ထောက်ခံ အားပေးခဲ့ကြသည့် ဒါရိုက်တာ သက်လွင်(ခ)ဇမ္ဗူထွန်းသက်လွင်နှင့် ဒါရိုက်တာ အောင်ချမ်းလူ(ခ)အေးချမ်းအောင် တို့ကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေအပါအဝင် ပြစ်မှုဆိုင်ရာဥပဒေများဖြင့် ထိရောက်စွာအရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

PAN