(စီးပွားရေး) အောက်တိုဘာ ၃၁

အိန္ဒိယရေကြောင်းဆိုင်ရာ ရက်သတ္တပတ်-၂၀၂၅ အခမ်းအနားတက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေတဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အောက်တိုဘာလ ၃၀ ရက်မှာ အိန္ဒိယနိုင်ငံ၊ ပြည်နယ်၊ ဆိပ်ကမ်း၊ သင်္ဘောပို့ဆောင်ရေးနှင့် ရေကြောင်းဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါတွေ့ဆုံမှုမှာ နှစ်နိုင်ငံကမ်းရိုးတန်းသွားသင်္ဘောများဆိုင်ရာ သဘောတူစာချုပ်နှင့် အဆိုပါ သဘောတူ စာချုပ်၏ စံပြုလုပ်ငန်းစဉ်များ၊ သင်္ဘောသားများ၏ လေ့ကျင့်ခြင်းနှင့် လက်မှတ်များကို အသိအမှတ်ပြုခြင်း နားလည်မှုစာချွန်လွှာ၊ သင်္ဘောသားများအတွက် သဏ္ဍာန်တူ သရုပ်ပြအခြေခံလေ့ကျင့်ခြင်း၊ အကဲဖြတ်ခြင်းနှင့် စာမေးပွဲစနစ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
သင်္ဘောများကို တာဝေးမှ ခြေရာခံ၍ ထောက်လှမ်းကြည့်ရှုခြင်းစနစ်နှင့် အိန္ဒိယနိုင်ငံသို့ဝင်ရောက်မည့် မြန်မာမှတ်ပုံတင် သင်္ဘောများအတွက် အကာအကွယ်ပေးရေးနှင့် လျော်ကြေးဆိုင်ရာ အာမခံကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဂျာဝါဟာနေဟူဆိပ်ကမ်းအာဏာပိုင်ကကျင်းပတဲ့ ကုန်ပစ္စည်းများ ဖြန့်ဝေမှုကွင်းဆက် ခိုင်မာအောင်တည်ဆောက်ခြင်း (Fortifying Global Supply Chains) အခမ်းအနားကိုလည်း တက်ရောက် အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။
မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ အကောင်အထည်ဖော်လျက်ရှိသော စစ်တွေဆိပ်ကမ်းနှင့် ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်းက အိန္ဒိယနိုင်ငံ၏ အရှေ့ဘက် ဆိပ်ကမ်းများကို မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယနိုင်ငံ၏ ကုန်းတွင်းပိတ် အရှေ့မြောက်ပြည်နယ်များနှင့် ချိတ်ဆက်ပေးတဲ့ လမ်းကြောင်းတစ်ခုဖြစ်တဲ့အပြင် စစ်တွေမြို့က အဓိကပင်လယ်ရေကြောင်းဝင်ပေါက်အဖြစ် စီးပွားရေးစင်္ကြံအသစ်တစ်ခုဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက ပြောကြားထားခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းက အိန္ဒိယမှ အာဆီယံဗဟိုသို့ တိုက်ရိုက် ဆက်သွယ်နိုင်သော ကုန်းလမ်းကြောင်းတစ်ခုဖြစ်ပြီး အနာဂတ်တွင် ပြည်တွင်းထောက်ပံ့ပို့ဆောင်ရေး ခေတ်မီရေးနှင့် ဆိပ်ကမ်းများခေတ်မီရေးတို့ကို ဆောင်ရွက်ခြင်း၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးအတွက် Single Window စနစ်များနှင့် ဒစ်ဂျစ်တယ် ပလက်ဖောင်းများကို အကောင်အထည်ဖော်ခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် အခြေခံ အဆောက်အအုံကဏ္ဍများတွင် ပုဂ္ဂလိကကဏ္ဍများပါဝင် စေရန် ဆွဲဆောင်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင်အိန္ဒိယနိုင်ငံရေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများအတွက် အိန္ဒိယနိုင်ငံ၊ ပြည်နယ်၊ ဆိပ်ကမ်း၊ သင်္ဘောပို့ဆောင်ရေးနှင့် ရေကြောင်းဝန်ကြီးဌာန အောက်ရှိဌာန၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကုမ္ပဏီများရဲ့ MOU လက်မှတ်ရေးထိုး လဲလှယ်ခြင်းများလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
#PAN