သီပေါမြို့ရဲ့ ပထမဆုံးကျောင်းအပ်လက်ခံတဲ့နေ့မှာ ကျောင်းအပ်သူ ၁၁၂ ဦးရှိခဲ့

(ပြည်တွင်း) အောက်တိုဘာ ၂၄

တပ်မတော်မှ သီပေါမြို့ကို ပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် သီပေါမြို့နှင့် အနီးတစ်ဝိုက်ရှိ ကျောင်းသား/ကျောင်းသူများ ပညာရေးနှောင့်နှေးမှုမရှိစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေး အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။

အခုလိုဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာလ ၂၁ ရက်ကစတင်၍ သီပေါမြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှာ တန်းစဉ်အလိုက် စတင်ကျောင်းအပ်လက်ခံခဲ့ရာ ကျောင်းအပ်နှံတဲ့ ကျောင်းသား၊ ကျောင်းသူ ၁၁၂ ဦးရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ကျောင်းအပ်နှံတဲ့ ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကိုလည်း တစ်ပါတည်းပေးအပ်ခဲ့ကာ လုံခြုံရေး အဖွဲ့ဝင်များမှလည်း ကျောင်းသန့်ရှင်းရေးအတွက် ရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။

ဒါ့အပြင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သီပေါမြို့ရှိ ကုန်းတော်ပရိယတ္တိစာသင်တိုက်မှာ ယာယီရုံးခွဲဖွင့်လှစ်၍ ဒေသခံများကို သန်းခေါင်စာရင်းတိုက်ဆိုင်စစ်ဆေးပေးခြင်းနှင့် မှတ်ပုံတင်ပြုလုပ်ပေးခြင်း တို့ကိုလည်း စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။