(ပြည်တွင်း) အောက်တိုဘာ ၂၄

အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများအနေဖြင့် အစားအသောက်တွင် တားမြစ်ဓာတုပစ္စည်း ဖော်မလင်(Formalin)ကို လုံးဝ(လုံးဝ)ထည့်သွင်းသုံးစွဲခြင်း မပြုရန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)က အသိပေးကြေညာထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနက အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်စေရန် စဉ်ဆက်မပြတ်ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ဈေးကွက်မှာ ရောင်းချလျက်ရှိသော အစားအသောက်အမယ်များ (ဥပမာ-ပဲသွေး၊ ပဲပြား၊ မုန့်ဖတ်စသည်)တွင် စားသုံးသူများရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်သော တားမြစ်ဓာတုပစ္စည်းဖြစ်တဲ့ ဖော်မလင် (Formalin) ထည့်သွင်း သုံးစွဲခွင့်မပြုကြောင်း ပြောကြားခဲ့ပါတယ်။
တာရှည်ခံစေရန်ရည်ရွယ်၍ ဖော်မလင်(Formalin)ထည့်သွင်းအသုံးပြုထားသော အစားအသောက်များကို စားသုံးမိပါက လတ်တလောတွင် ခေါင်းမူး/ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊ ဗိုက်နာခြင်း၊ အသက်ရှူရခက်ခဲခြင်းများ ဖြစ်ပွားစေနိုင်ပြီး ရေရှည်စားသုံးမိပါက အစာအိမ်အနာဖြစ်ခြင်း၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးခြင်း၊ ကင်ဆာ ရောဂါများ ဖြစ်ပွားစေနိုင်ခြင်းတို့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ် များတွင် ဖော်မလင် (Formalin)အဆိပ်သင့်မှု ပိုမိုဖြစ်ပွားနိုင်ပြီး စားသုံးမိပါက သန္ဓေသားဖွံ့ဖြိုးမှု ထိခိုက်ခြင်းနှင့် ကလေးသူငယ် ကြီးထွားမှုပြဿနာများ ဖြစ်ပွားစေနိုင်ပါသဖြင့် စားသုံးခြင်းမပြုရန် အသိပေးထားပါတယ်။
ထို့ကြောင့် အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများအနေဖြင့် အစားအသောက်တွင် တားမြစ် ဓာတုပစ္စည်း ဖော်မလင်(Formalin)ကို လုံးဝ(လုံးဝ)ထည့်သွင်း သုံးစွဲခြင်းမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က) အရ အရေးယူမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။