ငလျင်ဒဏ်သင့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေးအတွက် ချေးငွေ လျှောက်ထားနိုင်

(ပြည်တွင်း) အောက်တိုဘာ ၁၈

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရတဲ့ ဒေသတွေမှာ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်ကထည့်ဝင်ပံ့ပိုးတဲ့ ရန်ပုံငွေနဲ့ သက်တမ်း (၃)နှစ်မှ(၅)နှစ် အထိရှိတဲ့ ချေးငွေတွေ သက်သာတဲ့အတိုးနှုန်းနဲ့ ထုတ်ချေးသွားမှာဖြစ်လို့ လျှောက်ထားနိုင်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အောက်တိုဘာလ ၁၇ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

နေအိမ်နဲ့ အဆောက်အဦးပြန်လည်တည်ဆောက်ရေးချေးငွေရဲ့ အတိုးနှုန်း ၃ ရာခိုင်နှုန်း၊ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေး(MSMEs) လုပ်ငန်းတွေအတွက် လုပ်ငန်းလည်ပတ်ရင်းနှီးငွေ၊ စက်ပစ္စည်း၊ ရေ၊ မီး၊ ဆိုလာနဲ့ ရင်းနှီးမြှုပ်နှံမှုချေးငွေရဲ့ အတိုးနှုန်း ၅ ရာခိုင်နှုန်း၊ စက်ရုံလုပ်ငန်းကြီးတွေ ပြန်လည်ပြုပြင်ရေးနဲ့ လည်ပတ်နိုင်ရေးချေးငွေရဲ့ အတိုးနှုန်း ၇ ရာခိုင်နှုန်း၊ နိုင်ငံပိုင်အခြေခံအဆောက်အအုံတွေ တာဝန်ယူတည်ဆောက်နေတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေအတွက် ယာယီချေးငွေရဲ့ အတိုးနှုန်း ၇ ရာခိုင်နှုန်းတို့ဖြစ်တယ်လို့ သိရပါတယ်။


ဘဏ်နဲ့ ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေဖြစ်တဲ့ AYA Bank PCL၊ uab Bank PCL၊ CB Bank PCL၊ ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်၊ ရိုးမဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာနဲ့ အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ မြဝတီဘဏ်၊ အင်းဝဘဏ်၊ Best Merchant Finance Co., Ltd နဲ့ Zega Finance Co., Ltd တို့ကို ချေးငွေအစီအစဉ်မှာ ပါဝင်ဆောင်ရွက်ဖို့ ရွေးချယ်ထားပြီး ချေးငွေဆိုင်ရာစံပြုလုပ်ငန်းစဉ်တွေနဲ့အညီ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

ငလျင်ဒဏ်ခံခဲ့ရတဲ့ နယ်မြေဒေသ​​တွေက စီးပွားရေးလုပ်ငန်းတွေနဲ့ ဒေသခံတွေ အနေနဲ့ ချေးငွေအစီအစဉ်မှာ ပါဝင်ဆောင်ရွက်မယ့် ဘဏ်တွေနဲ့ ဘဏ်မဟုတ်တဲ့ ငွေကြေးအဖွဲ့အစည်းတွေကတစ်ဆင့် ချေးငွေတွေ လျှောက်ထားနိုင်ပြီဖြစ််လို့ ဗဟိုဘဏ်ကကြေညာပါတယ်။

ချေးငွေရယူမယ့် အသေးစိတ်အချက်အလက်တွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် Website ဖြစ်တဲ့ www.cbm.gov.mm မှာ ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

#PAN