
(ပြည်တွင်း) အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်၊ ၃၁လမ်း၊ ၇၉×၈၀ လမ်းကြားရှိ “ပုဂံချယ်ရီ” ကားဂိတ်တွင် ငွေစက္ကူအတု ကိုင်ဆောင်သုံးစွဲသူ တစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။
ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်က “ပုဂံချယ်ရီ”ကားဂိတ်တွင် ငွေစက္ကူအတု ကိုင်ဆောင်သုံးစွဲသူတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ သက်ဆိုင်ရာတာဝန်ရှိ သူများမှ သွားရောက်ဖမ်းဆီးခဲ့ရာ တရားခံ ပြည်စုံဝင်း၊ ၂၃ နှစ်၊ (ဘ)ဦးစန်းမောင်၊ လက်ပံချောင်းကျေးရွာ၊ ပခုက္ကူမြို့ နယ်နေသူအား အောက်ပါ ငွေစက္ကူအတု ၁ သောင်း ကျပ်တန် ၈ ရွက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းမိတရားခံ ပြည်စုံဝင်း အား စစ်ဆေးရာ ၎င်းသည် အင်းစိန်မြို့နယ်ရှိ UNO အမျိုးသား/အမျိုးသမီး အတွင်းခံအဝတ်အထည် ရောင်းဝယ်ရေး လုပ်ငန်းတွင် ၁ လလျှင် ၂၀၀၀၀၀/ ကျပ်ဖြင့် လုပ်ကိုင်လျှက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် Moe mar khin အမည်ပါ @ Aungmyat118 Titok အကောင့်နှင့် ခင်မင်ရင်းနှီးခဲ့ပြီး အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရိအချိန်တွင် အကောင့်တွင်ဖော်ပြထားသည့် ဖုန်းနံပါတ် ၀၉-၆၆၂၉၃၅၆၃၂ သို့ ၎င်းကိုင်ဆောင်သည့် ၀၉-၉၅၁၆၄၆၃၃၀ ဖုန်းဖြင့် ဆက်သွယ်၍ ငွေစက္ကူအတု လဲလှယ်လိုကြောင်းပြောဆိုခဲ့ရာ ၀၉-၆၆၂၉၃၅၆၃၂ မှ ငွေစက္ကူအတု ၁၅၀၀၀၀/ ကျပ်အား ငွေ ၅၀၀၀၀/ ကျပ်ဖြင့် လဲလှယ်ပေးမည် ဖြစ်ကြောင်း ပြန်လည်ပြောဆိုသဖြင့် သဘောတူခဲ့ပြီး မွန်းလွဲ ၁ နာရီအချိန်တွင် ရန်ကုန်မြို့၊ ကြည်မြင်တိုင်မြို့နယ်၊ ညဈေးမှတ်တိုင်တွင် ချိန်းဆိုသဖြင့် သွားရောက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ချိန်းဆိုသည့်နေရာတွင် ကျား ၂ ဦးမှ ငွေစက္ကူအတု ၁၀၀၀၀/ ကျပ်တန် (၈) ရွက်၊ ၈၀၀၀၀ ကျပ်အား လိပ်၍ ပေးအပ်ခဲ့သဖြင့် ၎င်းမှ ငွေ ၅၀၀၀၀/ ကျပ်အား ပြန်လည်ပေးအပ်ခဲ့ကြောင်း၊ အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် “အောင်မင်္ဂလာ”ကားဝင်းမှ “ရွှေကချင်” ခရီးသည်တင်ယာဉ်ဖြင့် မန္တလေးမြို့သို့ ထွက်ခွာလာခဲ့ရာ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် မန္တလေးမြို့၊ “ကျွဲဆည်ကန်” ကားကြီးကွင်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
၎င်းကားကြီးကွင်းမှတဆင့် ပြင်ဦးလွင်မြို့သို့ အလုပ်သွားရောက်လုပ်ကိုင်ရန်အတွက် မီနီအိုးဝေငှားရမ်း၍ ထွက်ခွာလာခဲ့ရာ ယနေ့ နံနက်တွင် ချမ်းအေးသာစံမြို့နယ်၊ကဉ္စနမဟီရပ်ကွက်၊ ၃၁ လမ်း၊ ၇၉×၈၀ လမ်းကြားရှိ “ပုဂံချယ်ရီ” ကားဂိတ်သို့ရောက်ရှိပြီး မီနီအိုးဝေခ ၄၅၀၀၀/ ကျပ် ကျသင့်သဖြင့် အဆိုပါ ငွေစက္ကူအတု ၅ ရွက်ဖြင့် ပေးရှင်းရာမှ ငွေစက္ကူအတုများဖြစ်ကြောင်းသိရှိသဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိတရားခံ ပြည်စုံဝင်းအား အမှတ် (၈)မြို့မရဲစခန်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ-၁၀၅/ ၁၀၆ အရ အမှုဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်းနှင့် ဖြစ်စဉ်မှ ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ငွေစက္ကူ အတုသည် စက္ကူသားများချောနေခြင်း၊ ငွေစက္ကူအရွယ်အစား ကွဲပြားနေခြင်း၊ အက္ခရာဂဏန်းများ မှေးမှိန်နေခြင်း၊ ရုပ်ပုံတန်ဖိုး ရေစာမပါရှိခြင်း၊ငွေစက္ကူတွင် အနီရောင်သာပါပြီး အရောင်ပြောင်းလဲမှုမရှိခြင်း၊ငွေစက္ကူနံပါတ်များ ထပ်နေခြင်းတို့ဖြစ်ကြောင်း သိရသည်။
#PAN