မိသားစုလွှဲပို့ငွေစာရင်း ပေးပို့ခြင်းမရှိတဲ့ အေဂျင်စီ ၆၀ ကျော်ရှိနေ

(ပြည်တွင်း) အောက်တိုဘာ ၁၅

ပြီးခဲ့တဲ့စက်တင်ဘာလအတွက် မိသားစုလွှဲပို့ငွေရရှိမှုအထောက်အထား တင်ပြခြင်းမရှိသေးတဲ့ အေဂျင်စီများ ၆၀ ကျော်ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာန၊ Safe migration ၏ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အေဂျင်စီများအနေနဲ့ အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ အထောက်အထားတင်ပြရာတွင် အနည်းဆုံး ၄၁ ရာခိုင်နှုန်းသာတင်ပြရန် သက်ဆိုင်ရာက ဖြေလျှော့ပေးထားပြီး အလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လမှစ၍ နိုင်ငံအလိုက် မိသားစုလွှဲပို့ငွေစာရင်း တင်ပြနိုင်ခြင်းမရှိတဲ့ အေဂျင်စီများကို အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ ယာယီဆိုင်းငံ့သွားမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလက အသိပေးထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

နိုင်ငံအလိုက်စေလွှတ်မှုူတွေရှိနေပေမယ့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွက် မိသားစုလွှဲပို့ငွေရရှိမှု အထောက်အထားတင်ပြရန် တင်ပြခြင်းမရှိသေးတဲ့ အေဂျင်စီများစာရင်းဟုဆိုကာ အေဂျင်စီများ၏ နာမည်နှင့် တကွစာရင်းကို ထုတ်ပြန်ထားပါတယ်။

အဆိုပါအေဂျင်စီများအနေနဲ့ အောက်တိုဘာလ ၁၅ ရက်နောက်ဆုံးထား တင်ပြရမည်ဖြစ်ပြီး အချိန်မီပေးပို့ခြင်းမရှိပါက Demand Letter အသစ်တင်ပြခွင့်ဆိုင်းငံ့ခြင်းခံရမည့်အပြင် ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။