မွန်​ဒေသထွက် ဆားကြမ်း စျေးကောင်းရရှိနေ

(စီးပွားရေး) အောက်တိုဘာ ၁၃

မွန်ပြည်နယ် သံဖြူဇရပ်မြို့ကထွက်ရှိတဲ့ နေလှမ်းဆား တစ်ပိဿာကို ငွေကျပ် ၁၀၀၀ အထိ.စျေးကောင်းရရှိနေတယ်လို့ ဒေသခံဆားလုပ်ငန်းတွေဆီက သိရပါတယ်။

ဆားကြမ်းတစ်ပိဿာ ငွေကျပ် ၁၀၀၀ ဟာ ဒီနှစ်အတွက် စံချိန်တင်ဈေးနှုန်းဖြစ်ပြီး လွန်ခဲ့တဲ့ ငါးလခန့် ဆားမထွက်မီက တစ်ပိဿာ ကျပ် ၂၀၀ ဝန်းကျင်သာရှိခဲ့ပေမယ့် မေလ ပထမအပတ်ကစပြီး တစ်ပိဿာကို ကျပ် ၆၅၀ ဝန်းကျင်ထိရရှိလာရာကနေ ကျပ် ၁၀၀၀ အထိ စံချိန်တင် ဈေးနှုန်းမြင့်တက်လာခဲ့တာပါ။

လက်ရှိမှာတော့ ဆားလက်ကျန်ဟာ တောင်သူတွေမှာ မရှိတော့တဲ့အနေအထားကိုရောက်ရှိနေပြီး ရာသီဥတုပွင့်လင်းချိန်မှသာ ဆားပြန်လည်ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာတော့ နေလှန်းဆားလုပ်ငန်းကို ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာ အဓိက လုပ်ကိုင်ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်းက မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငကျေးရွာကထွက် ရှိတဲ့ဆားကြမ်း တန် ၂၀ ပါ ကွန်တိန်နာတစ်လုံးကို ဂျပန်နိုင်ငံကို စမ်းသပ် တင်ပို့ခဲ့ပြနောက်  တန် ၆၀၀ အမှာရရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအများဆုံးဆား ထုတ်လုပ်တဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး ပြည်နယ်အတွင်းမှာ  ဆားကြမ်းနဲ့  ဆားချော ထုတ်လုပ်တဲ့ စက်ရုံတွေလည်း အများအပြားရှိတယ်လို့ သိရပါတယ်။