(ပြည်တွင်း) အောက်တိုဘာ ၉

ရန်ကုန်-နေပြည်တော်-ရန်ကုန်ရထားလမ်းပိုင်း၌ စပိန်နိုင်ငံထုတ် DEMU ရထားများဖြင့် အောက်တိုဘာလ ၉ ရက်မှစတင်ကာ ထပ်မံတိုးချဲ့၍ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။ အဆိုပါလမ်းပိုင်း၌ လက်ရှိတွင် အမှတ်(၇)အဆန်နှင့် အမှတ်(၈)အစုန် ဂျပန်နှင့် စပိန် DEMU ရထားများဖြင့် ပုံမှန်ပြေးဆွဲ ဝန်ဆောင်မှု ပေးလျက်ရှိရာ ရထားစီးနင်းမှုများပြား လာခြင်းကြောင့် အောက်တိုဘာလ ၉ ရက်မှစတင်၍ အမှတ်(၃၁)အဆန်နှင့် အမှတ်(၃၂)အစုန် ရထားများအား ထပ်မံတိုးချဲ့၍ ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်။
ရထားပြေးဆွဲမှုအချိန်စာရင်းများအရ မူလကပြေးဆွဲလျက်ရှိသည့် အမှတ်(၇)အဆန်ရထားမှာ ရန်ကုန် ဘူတာမှ နေ့လည် ၁၂ နာရီတွင် စတင်ထွက်ခွာ၍ နေပြည်တော်ဘူတာသို့ ညနေ ၅ နာရီခွဲခန့် တွင် လည်းကောင်း၊ အမှတ်(၈)အစုန်ရထားမှာ နေပြည်တော်ဘူတာမှ နေ့လည် ၁၂ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ ညနေ ၅ နာရီခွဲခန့်၌လည်းကောင်း အသီးသီးဆိုက်ရောက်မှာဖြစ်ပြီး DEMU ဂျပန်တွဲဆိုင်းဖြင့် ပြေးဆွဲပေးလျက်ရှိပါတယ်။
ထပ်မံတိုးချဲ့ပြေးဆွဲမည့် အမှတ်(၃၁)အဆန်ရထားမှာ ရန်ကုန်ဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ နေပြည်တော်ဘူတာသို့ နံနက် ၁၁ နာရီခွဲခန့်၌ လည်းကောင်း၊ အမှတ်(၃၂)အစုန်ရထားမှာ နေပြည်တော်ဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နံနက် ၁၁ နာရီခွဲခန့်၌လည်းကောင်း ဆိုက်ရောက်မှာဖြစ်ပြီး စပိန် DEMU တွဲဆိုင်းနဲ့ ပြေးဆွဲသွားမှာဖြစ်ပါတယ်။
ရထားလက်မှတ်ခ နှုန်းထားများမှာလည်း ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်အစအဆုံးအတွက် ပထမ တန်း ၁၉,၀၀၀ ကျပ်၊ အထက်တန်း ၂၈,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး ကြားဘူတာ များအဖြစ် တိုးကြောင်ကလေး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ ပျဉ်းမနားဘူတာတို့တွင် ရပ်တန့်ပေးသွားမှာဖြစ်ပါတယ်။
လက်မှတ်များကို အထက်တန်းအတွက် ၃ ရက်ကြိုနှင့် ရိုးရိုးတန်းအတွက် ၁ ရက်ကြိုတင်ကာ သက်ဆိုင်ရာဘူတာများတွင် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
မြန်မာ့မီးရထားအနေနဲ့ ရန်ကုန်-နေပြည်တော်-ရန်ကုန် ရထားခရီးစဉ်များအတွက် ရန်ကုန်၊ နေပြည်တော်နှင့် ပျဉ်းမနားတို့မှာ လက်မှတ်များဝယ်ယူနိုင်ရန် ဖုန်းနံပါတ်များသတ်မှတ်ထားပြီး ကြိုတင်လက်မှတ်များ ရောင်းချရာ၌ ၅ ရက်ကြိုတင် Booking လုပ်၍ MMQR Code အသုံးပြုငွေပေးချေခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသလို ရထားစီးသူများ အဆင်ပြေစေရန်အတွက် အွန်လိုင်းစနစ်ဖြင့်ပါ ဝယ်ယူသွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။