ထိုင်းနိုင်ငံတွင် နိုင်ငံခြားအလုပ်သမားများကို အွန်လိုင်းမှ မှတ်ပုံတင်နိုင်သော e-Work Permit စနစ် ဝန်ဆောင်မှုပေးမည်


(နိုင်ငံတကာ) အောက်တိုဘာ ၉

ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံခြားအလုပ်သမားများဖြစ်တဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံသားများအား အွန်လိုင်းမှမှတ်ပုံတင်နိုင်သော “e-Work Permit” စနစ်ကို အောက်တိုဘာလ ၁၃ ရက်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၂၄ နာရီ ဝန်ဆောင်မှုပေးသွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနဝန်ကြီး Ms. Trinuch Thienthong က ပြောကြားခဲ့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနအနေနဲ့ “e-Work Permit” စနစ်များနဲ့ နိုင်ငံခြားသားလုပ်သားများအတွက် လျှောက်လွှာတင်သွင်းခြင်း၊ စစ်ဆေးခြင်း၊ အတည်ပြု ပေးခြင်းမှသည် အလုပ်လုပ်ခွင့် လက်မှတ်ရသည်အထိ Online မှတစ်ဆင့် ၂၄ နာရီ ဝန်ဆောင်မှုပေးသွားမည်ဟု ထုတ်ပြန်ထားချက်မှာ ပါရှိပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထိုင်းတစ်နိုင်ငံလုံးတွင် e-work permit စင်တာ ၅၄ ခုကို ပြုလုပ်ပေးနိုင်ရန် အသင့်ပြင်ထားပြီး လျှောက်ထားသူများက ဝန်ဆောင်မှုရယူလိုသော စင်တာတွင် အခကြေးငွေ ပေးချေရမှာ ဖြစ်ပါတယ်။

ထိုသို့ပြုလုပ်ရာတွင် အွန်လိုင်းမှတစ်ဆင့် ကြိုတင်ရက်ချိန်း ရယူရမည်ဖြစ်ပြီး မျက်နှာစကင်ဖတ်ခြင်း၊ မျက်လုံးသူငယ်အိမ် စကင်ဖတ်ဖြင်း၊ လက်ဗွေနည်းပညာနှင့် ကိုယ်ပိုင်အမှတ်အသားများကို စစ်ဆေးအတည်ပြုသွား မှာ ဖြစ်ပါတယ်။

နိုင်ငံခြားသားအလုပ်သမား ခေါ်ယူလိုတဲ့ Online ဝန်ဆောင်မှုတွေကို ကုမ္ပဏီနှင့် အလုပ်ရှင်များက အောက်တိုဘာလ ၆ ရက်ကစပြီး Online စနစ်နဲ့မှတ်ပုံတင်ခြင်းကို စတင်ဆောင်ရွက်ရမှာဖြစ်ပြီး အောက်တိုဘာလ ၁၃ ရက်တွင် e.workpermit.doe.go.th website မှတစ်ဆင့် ထိုင်းတစ်နိုင်ငံလုံးမှာ စတင်ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

PAN