

(ပြည်တွင်း) အောက်တိုဘာ ၁
ရာသီဥတု ရုတ်တရက် ပြောင်းလဲလာတာကြောင့် မြန်မာ့ရေပိုင်နက်အတွင်းက ကျောက်ဆောင်တွေဆီမျောပါလာတဲ့ ရုရှားငါးဖမ်းသင်္ဘောကို ကယ်ဆယ်လိုက်တာကြောင့် မြန်မာရေတပ်နဲ့ ကမ်းခြေစောင့်တပ်ကို ကျေးဇူးတင်တယ်လို့ ရုရှားနိုင်ငံသားပိုင် ငါးဖမ်းရေယာဉ်မှူးက ရုရှားသံရုံးကတဆင့် စာရေးသားပေးပို့ခဲ့တယ်လို့ သိရပါတယ်။၊
ရုရှားနိုင်ငံသားပိုင် ဘီလင်း (Bilene) အမည်ရှိတဲ့ ငါးဖမ်းရေယာဉ်ရဲ့ ရေယာဉ်မှူး အေ အိုင် မာဇင် က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း သံရုံးကို ပေးပို့ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၃) ရက်နေ့က ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့ (Vladivostok) ဆိပ်ကမ်းကနေ ဘင်္ဂလားဒေ့ရှ် သမ္မတနိုင်ငံ၊ စစ်တကောင်း (Chittagong) ဆိပ်ကမ်းကို ခုတ်မောင်းနေချိန် ရာသီဥတု ရုတ်တရက် ပြောင်းလဲမှုကြောင့် ငါးဖမ်ရေယာဉ်ဟာ လမ်းကြောင်းပျောက်ကာ မြန်မာ့ပိုင်နက်ရေပိုင်နက်အတွင်း ကျောက်ဆောင်တွေဆီကို မျောပါသွားခဲ့လို့ အကူအညီတောင်းခံခဲ့ရတာလို့ ငါးဖမ်းရေယာဉ်မှူး မစ္စတာ မာဇင် က ပြောဆိုထားတယ်လို့ သိရပါတယ်။
အဲဒီအခြေအနေမှာ ရေယာဉ်ပျက်စီးနိုင်ခြေ အလွန်မြင့်မားနေပြီး ရေယာဉ်အဖွဲ့သား ရုရှားနိုင်ငံသား ခုနစ်ဦးရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုကို သိရှိနားလည်တဲ့အတွက် ငါးဖမ်းရေယာဉ်ရဲ့ ရေယာဉ်မှူးနှင့် ရေယာဉ်ပိုင်ရှင်တို့ဟာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့မှာ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ (Myanmar Coast Guard) ထံကို အကူအညီတောင်းခံခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီနောက် သင်္ဘောအဖွဲ့သားတွေဟာ ဖြစ်စဉ်ကို မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံရုံးကို အကြောင်းကြားခဲ့ပြီး အကူအညီတောင်းခံခဲ့လို့ နှစ်နာရီအတွင်း မြန်မာ့ တပ်မတော် (ရေ) က စစ်ရေယာဉ် UMS 566 ဟာ မုန်တိုင်းထန်နေတဲ့ ရာသီဥတုအခြေအနေမှာပင် ဘီလင်းရေယာဉ်ကို ဆွဲယူကာ ဆိုက်ကပ်ပြီး ပြုပြင်မဲ့နေရာကို လိုက်ပါပို့ဆောင်ပေးခဲ့တယ်လို့လည်း အဲ့ဒီစာအရ သိရပါတယ်။
ခုလို ဆောင်ရွက်ခြင်းဟာ မြန်မာကမ်းခြေစောင့်တပ်ဖွဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြုပြင်မှုတွေ ပြီးစီးပြီးတဲ့နောက် သင်္ဘောဟာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံရဲ့ ပိုင်နက်ရေပိုင်နက်ကနေ ပြန်လည် ထွက်ခွာသွားနိုင်ခဲ့တယ်လို့ မစ္စတာ အေ အိုင် မာဇင် ကပြောပါတယ်။
ဘီလင်းငါးဖမ်းရေယာဉ်ရဲ့ ရေယာဉ်မှူးနဲ့ ရေယာဉ်အဖွဲ့သားတွေက ကယ်ဆယ်ရာမှာ ပါဝင်ခဲ့ကြတဲ့ မြန်မာ့တပ်မတော် (ရေ) နဲ့ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့တို့အပါအဝင် အားလုံးကို အထူးကျေးဇူးတင်တယ်လို့ ရေယာဉ်ပိုင်ရှင်နဲ့ရေယာဉ်မှူးကပြောဆိုထားသလို UMS 566 စစ်ရေယာဉ်အဖွဲ့သားအားလုံး ကျန်းမာပြီး အောင်မြင်မှုတွေ ရရှိကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် အမှုထမ်းရာမှာ ထူးချွန်ပြောင်မြောက်မှုတွေ ရရှိကြဖို့ကိုလည်း ဆုတောင်းလိုက်တယ်လို့ သိရပါတယ်။