လူငယ်ကစားသမား အန်ဂူမိုဟာ ကို ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုလိုက်တဲ့ လီဗာပူးလ်အသင်း

(အားကစား) စက်တင်ဘာ ၂၆

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ အသင်းအတွက် စတင်ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ဆယ်ကျော် သက်လူငယ်ကစားသမား အန်ဂူမိုဟာကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိတဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆို လိုက်ကြောင်း သိရပါတယ်။

အန်ဂူမိုဟာ ဟာ ပရော်ဖက်ရှင်နယ်စာချုပ် မချုပ်ခင်က လီဗာပူးလ်အသင်းမှာ တစ်နှစ်ပေါင် ၁၄,၄၀၀ သာရရှိပြီး ယခုအခါ တစ်နှစ်ကို ပေါင် ၅၂,၀၀၀ ရရှိမှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အန်ဂူမိုဟာ ကို ၂၀၂၄ နွေရာသီမှာ ချဲလ်ဆီးအကယ်ဒမီကနေ ခေါ်ယူခဲ့တာဖြစ်ပြီး အသက် ၁၇ နှစ်မပြည့်ခင်မှာပဲ အသင်းအတွက် စတင်ကစားစေခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလက ယှဉ်ပြိုင် ကစားခဲ့တဲ့ FA ဖလားပွဲမှာ ပါဝင်ကစားခဲ့စဉ်က အန်ဂူမိုဟာ ရဲ့အသက်ဟာ ၁၆ နှစ်နဲ့ ၁၃၅ ရက်သာရှိသေး တာကြောင့် လီဗာပူးလ်အသင်းရဲ့သမိုင်းမှာ အသက်အငယ်ဆုံးပွဲထွက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အန်ဂူမိုဟာ က လက်ရှိရာသီ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ နောက်ကျအနိုင်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ထင်ရှားကျော်ကြားလာခဲ့သူဖြစ်ပြီး လီဗာပူးလ်အသင်းရဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

#PAN