ရာဂါဆာကြောင့် ထိုင်ဝမ်မှာ လူ ၁၄ ဦးသေဆုံး ၁၀၀ ကျော်ပျောက်ဆုံးနေ

(နိုင်ငံတကာ) စက်တင်ဘာ ၂၄

ထိုင်ဝမ်အရှေ့ပိုင်း ဟွာလီယန်ခရိုင်ကို တိုင်ဖွန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် လူ ၁၂၉ ဦး ပျောက်ဆုံးနေကာ လူ ၁၄ ဦး သေဆုံးခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။

စူပါတိုင်ဖွန်းမုန်တိုင်း ရာဂါဆာဟာ စက်တင်ဘာ ၂၂ ရက်ကတည်းက ထိုင်ဝမ်ရဲ့ အပြင်ဘက်ကမ်းရိုးတန်းက​ တိုက်ခတ်ခဲ့ပြီး ယခုအခါမှာတော့ တရုတ်ရဲ့ တောင်ပိုင်းကမ်းရိုးတန်းနဲ့ ဟောင်ကောင်ရဲ့အချက်အခြာကျတဲ့ နေရာကို ဦးတည်နေတယ်လို့ သိရပါတယ်။

လူနေထိုင်မှုနည်းတဲ့ ထိုင်ဝမ်ကျွန်းရဲ့ အရှေ့ဘက်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့လို မြေပြိုမှုတွေဖြစ်ပေါ်နေတဲ့အပြင် မိုးရေကန်တွေကြောင့် ကမ်းပါးပြိူမှုတွေနဲ့အတူ ရေတွေအများအပြားစီးဆင်းနေတယ်လို့ သိရပါတယ်။

မိုးရေကြောင့်ဖြစ်ပေါ်လာတဲ့ တောင်ကုန်းတွေပေါ်က မိုးရေကန်တွေပေါက်ကျလာတာကြောင့် နေအိမ်နဲ့ မော်တေယ်ယာဥ်တစ်ချို့ရေစီးနဲ့မျောပါသွားတယ်လို့လည်း သိရပါတယ်။

ထိုင်ဝမ်ကျွန်းပေါ်က လူ ၁၀၀၀ ခန့်နေထိုင်တဲ့ ဒမာကျေးရွာတစ်ခုလုံး ရေမြုပ်နေပြီး အများအပြားသောင်တင်နေဆဲဖြစ်တယ်လို့လည်း အာဏာပိုင်တွေကပြောဆိုထားပြီး လူ​တွေကို အမိုးအကာတွေနဲ့ ဘေးလွတ်ရာကို ပို့ဆောင်ပေးဖို့အရေးကြီးသလို ထောက်ပံ့ရေးပစ္စည်းတွေ ရောက်ရှိဖို့လည်း အရေးတယ်လို့ ပြောဆိုထားပါတယ်။

ထိုင်ဝမ်စစ်တပ်ကတော့ တပ်ဖွဲ့ဝင် ၃၄၀ ကိုအခင်းဖြစ်ရာနေရာဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ဆောင်ဖို့ စေလွှတ်ထားတယ်လို့ သိရပြီး စစ်သားတွေဟာ ရေနဲ့ခေါက်ဆွဲခြောက်တွေကို လိုက်လံဝေငှနေတယ်လို့ သိရပါတယ်။