စေတနာ့ဝန်ထမ်းအဖွဲ့အစည်းတွေကို နိုင်ငံတော်ကိုယ်စား အသိအမှတ်ပြု ကျေးဇူးတင်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ပြော

(ပြည်တွင်း) စက်တင်ဘာ ၂၃

နိုင်ငံတော်ကိုယ်စား တစ်ဖက်တစ်လမ်းက တာဝန်ယူဆောင်ရွက်ပေးတဲ့စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေကို အသိအမှတ်ပြု ကျေးဇူးတင်တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့မနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမပြုလုပ်ခဲ့တဲ့ မွန်ပြည်နယ်အတွင်းရှိစေတနာ့ဝန်ထမ်းအဖွဲ့အစည်းတွေကို ထောက်ပံ့ကြေးငွေပေးအပ်ပွဲမှာ ဦးအောင်ကြည်သိန်းက ပြောဆိုလိုက်တာပါ။

လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ဘိုးဘွားရိပ်သာ၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းတွေအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ငွေကျပ် သန်းပေါင်း ၁၇၀.၇သန်းနဲ့ ၁သိန်းထောက်ပံ့ပေးအပ်ခဲ့တဲ့အခမ်းအနားမှာပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဟာ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ လူမှုဘဝသာယာဝပြောရေးအတွက် မူဝါဒတွေ ဥပဒေ၊ နည်းဥပဒေတွေ ချမှတ်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ ပြည်နယ်ဝန်ကြီးချုပ်ရဲ့လူမှုကွန်ယက်ဖြစ်တဲ့ TikTok ကနေ ပြောဆိုထားတာလဲ ဖြစ်ပါတယ်။

လူမှု​ရေးလိုအပ်ချက်​တွေအ​ပေါ်မူတည်ကာ မူလတန်းကျောင်းတွေ ကလေးပြုစုရေးဌာနတွေ လူငယ်နဲ့ အမျိုးသမီးသင်တန်းကျောင်းတွေကိုဖွင့်လှစ်ပြီး ကလေးသူငယ်တွေ အမျိုးသမီးတွေ မသန်စွမ်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေ စတဲ့ ထိခိုက်လွယ်အုပ်စုတွေကို အဓိကထားပြုစု စောင့်ရှောက်ပေးနေတယ်လို့လည်း သူကပြောပါတယ်။

ဂေဟာ/ရိပ်သာတွေမှာစောင့်ရှောက်ထားသူတွေရဲ့လိုအပ်ချက်တွေကို တစ်ဖက် တစ်လမ်းက အထောက်အကူပြုစေဖို့ ရည်ရွယ်ပြီး သတ်မှတ်စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ နှစ်စဉ်နှစ်တိုင်း အခုလို ထောက်ပံ့ကြေးတွေ ပေးအပ်ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရပ်ရွာ လူထုအကျိုးကို ဆောင်ရွက်ပေးပြီး ကုသိုလ်ဖြစ် မွန်မြတ်လှတဲ့လုပ်ငန်း ဖြစ်သလို မိမိတို့လက်ခံပြုစု စောင့်ရှောက်ထားသူတွေရဲ့ ရေရှည်အကျိုးစီးပွားကိုဦးတည်ပြီး စေတနာ၊ မေတ္တာအရင်းခံပြီး ဆောင်ရွက်ပေးကြဖို့ကိုလည်း ဦးအောင်ကြည်သိန်းက မှာကြားခဲ့တယ်လို့လည်း သိရပါတယ်။

မနေ့ကပြုလုပ်တဲ့ မွန်ပြည်နယ်အတွင်းရှိစေတနာ့ဝန်ထမ်းအဖွဲ့အစည်းတွေကို ထောက်ပံ့ကြေးငွေပေးအပ်ပွဲကနေ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ(၃)ခု၊ အမျိုးသမီးဂေဟာ (၁)ခုအတွက် ငွေကျပ် (၆၆ဒဿမ၂၈)သန်း၊ ဘိုးဘွားရိပ်သာ (၄)ခုအတွက် ငွေကျပ် (၁၃ဒဿမ၂၆၀)သန်း၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်း(၈၆)ကျောင်းအတွက် ငွေကျပ် (၉၁ဒဿမ၁၆၀)သန်းနဲ့ လူငယ်ရိပ်သာ(၁)ခုအတွက် ငွေကျပ် (၁)သိန်း ကိုထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

#PAN