(ပြည်တွင်း) စက်တင်ဘာ ၂၂

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်(၄)ဆူဟာ အင်းလေးဝဲယာ(၂၁)ဌာနကို ဒီနေ့မနက်ပိုင်းကစတင်ကာ ဒေသစာရီကြွချီ ပူဇော်ခံကြွချီကြပြီဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် (၄)ဆူ အင်းလေးဒေသဝဲယာ (၂၁)ဌာနကို ဒေသစာရီ ကြွချီပူဇော်ခံပင့်ဆောင်ပွဲ မင်္ဂလာအခမ်းအနား ပထမပိုင်းကို ယနေ့ နံနက် ၄ နာရီက ရုပ်ရှင်တော်မြတ်များ ထာဝရသီတင်းသုံးစံပယ်တော်မူရာ နမ့်ဟူးစံကျောင်းတော်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားကို မိုင်းသောက်ပထမစာသင်တိုက် ပဓာန နာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ အမှူးပြုသော ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ပရိသတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ အခမ်းအနားကို ဖွင့်လှစ်ကြပြီး နမ့်ဟူးကျောင်းဆရာတော် ဦးဝိဇယအရှင်မြတ်က မာရ်အောင်မင်္ဂလာ ဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။

အဲဒီနောက် တောင်ခြေကျောင်းဆရာတော် ဦးကောဝိဒက ကောင်းတင်းခြိမ့်ညံ ကြွေးကြော်သံ ဂါထာတော်နဲ့ ရွှေဉာဏ်တော်ဖွင့်ဂါထာတော်တွေကို ရွတ်ဖတ်ပူဇော်ပြီး ဖောင်တော်ဦးဘုရား ရုပ်ရှင်တော်မြတ်တွေကို အနေကဇာတင်တော်မူကြပါတယ်။
မနက် ၆ နာရီခန့်မှာ အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ မိုင်းသောက် ပထမစာသင်တိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ညောင်ရွှေမြို့နယ် စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာလင်းက ဖောင်တော်ဦးရုပ်ရှင်တော်မြတ်များ အင်းလေးဒေသဝဲယာ (၂၁)ဌာနကို ဒေသစာရီ ကြွချီပူဇော်ခံမယ့်အကြောင်း ပင့်ပန်လျှောက်ထားလွှာကို ဖတ်ကြားလျှောက်ထားပြီး ဖောင်တော်ဦးရုပ်ရှင်တော်မြတ် ပထမအဆူကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ဒုတိယအဆူကို ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ တတိယအဆူကို တိုင်းရင်းသားရေးရာဝန်ကြီး၊ စတုတ္ထအဆူကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တို့က အသီးသီး အစီအစဉ်အတိုင်း ပင့်ဆောင်ပူဇော်ခဲ့ကြပါတယ်။
အဆိုပါ ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် (၄)ဆူတို့အား နံနက် ၇ နာရီမှာ အင်းသားရိုးရာဆွဲလှေ (၄၆)စီးနဲ့ ရေလမ်းခရီး ပင့်ဆောင်ပူဇော်ကြပြီး ယနေ့မှာ ကြေးပေါခုံစံကျောင်းတော်မှာ တစ်ညတာ ကိန်းဝပ်အပူဇော်ခံမှာဖြစ်သလို စက်တင်ဘာ ၂၃ ရက်နေ့မှာတော့ အင်းတိန်စံကျောင်းတော် ကဒီကတဆင့် ဟဲယာရွာမစံကျောင်းတော်ကို ဆက်လက်ကြွချီပူဇော်ခံမှာဖြစ်တယ်လို့ သိရပါတယ်။