
(ပြည်တွင်း) စက်တင်ဘာ ၁၉
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ Goethe-Institut မြန်မာ၊ UNDP၊ Disaster Risk Reduction Working Group (DDR WG) တို့ပူးပေါင်း၍ ဘေးအန္တရာယ်များကို လျှော့ချခြင်းနှင့် ကြုံတွေ့လာပါက မည်ကဲ့သို့ရင်ဆိုင်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးသွားမည့် အစီအစဥ်တစ်ခုကို Goethe-Institut Myanmar ပြပွဲခန်းမတွင် စက်တင်ဘာလ ၂၁ ရက်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
ဆွေးနွေးပွဲကို မည်သူမဆို အခမဲ့တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ဆွေးနွေးပွဲကို မြန်မာဘာသာဖြင့် ကျင်းပမှာဖြစ်သလို အင်္ဂလိပ်ဘာသာပြန်လည်း ထားရှိပေးမှာဖြစ်ပါတယ်။
အရေးပေါ်အခြေအနေတွင် ဘေးအန္တရာယ်များနှင့် ကြုံတွေ့သည့်အခါ ကြိုတင်ပြင်ဆင်ခြင်းနှင့် လက်တွေ့ ရင်ဆိုင်ခြင်းဆိုင်ရာ အသိပညာများကို ပြန့်ပွားစေလိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။
အဆိုပါအစီအစဉ်တွင် အနုပညာ၊ လူငယ်၊ နိုင်ငံတကာအဖွဲ့အစည်း စသည့် နယ်ပယ်အသီးသီးမှ တတ်ကျွမ်းသူများက ဦးဆောင်၍ ဆွေးနွေးပြောကြားသွားမည့် စကားဝိုင်းပါဝင်မှာဖြစ်ပြီး ဘေးအန္တရာယ်လျှော့ချရေးနှင့် ပတ်သက်၍ မည်ကဲ့သို့အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်ခြင်းများအား ပြုလုပ်နိုင်ကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။