
(ပြည်တွင်း) စက်တင်ဘာ ၁၀
ဘိလပ်မြေထုတ်လုပ်မှုနည်းပညာတိုးတက်ပြန့်ပွားစေရေးဖို့အတွက် နည်းပညာတက္ကသိုလ်၊ နည်းပညာကောလိပ် စတဲ့ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းတွေမှာ ဘာသာရပ်တစ်ခုအနေနဲ့ ထည့်သွင်းသင်ကြားပေးနိုင်ရေး ဆွေးနွေးနေတယ်လို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကပြောပါတယ်။
ဘိလပ်မြေစက်ရုံတွေအနေနဲ့ ကျောင်းသား ကျောင်းသူတွေ လက်တွေ့လာရောက် ကွင်းဆင်းရာမှာ လက်ခံဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိရမယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများအသင်းနဲ့ စက်မှုဝန်ကြီးဌာနက တာဝန်ရှိသူတွေကိုမှာကြားခဲ့တာလို့လည်း သိရပါတယ်။
စက်တင်ဘာ ၉ ရက်နေ့ မနက်ပိုင်းက စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမမှာကျင်းပတဲ့ မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများအသင်း ညှိနှိင်းအစည်းအဝေး (၄/၂၀၂၅)မှာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကပြောဆိုလိုက်တာဖြစ်ပြီး အဲ့ဒီအစည်းအဝေးကို စက်မှုဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်တွေ ဦးဆောင်ညွှန်ကြားရေးတွေ၊ ဆက်စပ်ဝန်ကြီးဌာနတွေက အဖွဲဝင်တွေ မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနဲ့ အဖွဲဝင်တွေ စက်မှုဝန်ကြီးဌာနက တာဝန်ရှိသူတွေ တက်ရောက်ကြတယ်လို့လည်း သိရပါတယ်။
မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ တိုင်းဒေသကြီး၊ ပြည်နယ်ရှစ်ခုမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့မယ့် ဘိလပ်မြေအိတ် ၅ ဒသမ ၃၄ သန်းကို ဖြန့်ဝေနိုင်ဖို့ ဘိလပ်မြေထုတ်လုပ်သူတွေအသင်းနဲ့ ညှိနှိင်းရရှိပြီးဖြစ်တယ်လို့ အဲ့ဒီအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
ဘိလပ်မြေထုတ်လုပ်သူများအသင်းအနေနဲ့ ဘိလပ်မြေထုတ်လုပ်မှုနဲ့ ဆက်စပ်လုပ်ငန်းတွေ စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ရေးဆောင်ရွက်သွားရမှာဖြစ်ပြီး စက်မှုဝန်ကြီးဌာနအနေနဲ့ ဘိလပ်မြေထုတ်လုပ်မှုနည်းပညာတွေနဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေရှိပါက ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်း မှာကြားခဲ့တယ်လို့ သိရပါတယ်။