(မှုခင်း) စက်တင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ နယ်မှာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ပျက်ပြားစေဖို့ ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လှုံ့ဆော်ရေးသားခဲ့သူတစ်ဦးကို တောင်ကြီးမြို့ နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၇ နှစ်တိတိ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ ၊ ရပ်ကွက်(၁)နေ နေသွေး (၃၆)နှစ် (ဘ) ဦးအောင်ခင်သည် ၎င်းအသုံးပြုသည့် “Lashio Baegyi” Facebook Account လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဩဂုတ်လ ၂၅ ရက်နေ့က ပို့တင်ရေးသားခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
နေသွေး ဆိုသူမှ “မဲပေးဖို့ချည်း ဇွတ်ပြောပြီ၊ မင်းတို့က ဘာကောင်တွေလဲ၊စောက်လုံးပါရင် သေချာကြည့် ပြည်သူဆီက မဲလိုချင်ရင် ပြည်သူကို ဘယ်လိုအကျိုးပြုရမလဲစဉ်းစား၊ အလကားနေ ဘာမှ စောက်ပြစ် မရှိဘဲ ပြည်သူဆီကပဲ လိုချင်ရင်တော့…”စသည့်စာသားများကို ဖြန့်ဝေရေးသားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါရေးသားမှုသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန်ရည်ရွယ်၍ ပြုလုပ်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် တောင်ကြီးမြို့ နယ်၊ အေးသာယာနယ်မြေရဲစခန်း(ပ)၉၉/ ၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် အမှုရေးဖွင့်စစ်ဆေး၍ တောင်ကြီးမြို့ နယ်တရားရုံးသို့တရားစွဲတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၂၇၁၄/၂၀၂၅ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး စက်တင်ဘာလ ၉ ရက်နေ့တွင် ပြစ်မှုထင်ရှားသဖြင့် တရားခံ နေသွေးကို ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၃(က) အရ အလုပ်နှင့် ထောင်ဒဏ် ၇ နှစ်တိတိကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
#PAN