
(ဆောင်းပါးကဏ္ဍ) စက်တင်ဘာ ၃
နေဇင်လတ်
ယူကရိမ်းစစ်ဖြစ်တယ်။ ကမ္ဘာ့စီးပွားရေးကို အထိုက်အလျောက်ထိခိုက်တယ်။ အစ္စရေး-အီရန်စစ်ပိုကျယ်ပြန့်လာပြီး အရှေ့အလယ်ပိုင်းအဆင့်ထိ ကူး ပြောင်းသွားရင် ကမ္ဘာ့စီးပွားရေးကိုပိုထိခိုက်စေမယ်လို့ ကျွမ်းကျင်သူတွေကသုံးသပ်ကြတယ်။ အဓိက ကတော့ ရေနံစွမ်းအင်ကြောင့်ဖြစ်ပါတယ်။
အကယ်၍ တရုတ်- ထိုင်ဝမ်စစ်ဖြစ်လာမယ်ဆိုရင်တော့ယူကရိမ်းစစ်၊ အစ္စရေး – အီရန်စစ်ထက်အများကြီးပိုဆိုးပြီး ကမ္ဘာ့စီးပွားရေးထိခိုက်စေလိမ့်မယ်လို့ ဘောဂဗေဒပညာရှင်တွေက တစ်ညီတစ်ညွတ်တည်းသုံးသပ်ခဲ့ကြတယ်။ ဘာကြောင့်ပါလဲ။ တချို့သော ညွှန်းကိန်းတွေကိုလေ့လာရင်ထိုင်ဝမ်နဲ့ အမေရိကန်၊ ထိုင်ဝမ်နဲ့ တရုတ်၊ ထိုင်ဝမ်နဲ့ အခြားနိုင်ငံများရဲ့ နည်းပညာဆိုင်ရာစီးပွားရေးဆက်စပ်မှုက အတော်ကြီးမားတာကိုတွေ့နေရလို့ပါပဲ။
နောက်အရေးကြီးတဲ့အချက်က ပထဝီစစ်ရေးဖြစ်ပါတယ်။ Indo– Pacific Strategy အရ ထိုင်ဝမ်ဟာ အမေရိကန်အတွက်အရေးပါသလို၊ တရုတ်အတွက်လည်း အလွန်အရေးကြီးပြန်တာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် ထိုင်ဝမ်ပြဿနာဟာ အမေရိကန်၊ တရုတ်သာမက ကမ္ဘာကြီးအတွက်ပါ အလွန်အရေးပါ၊ အကဲ ဆတ်လှတာကိုတွေ့ရပါလိမ့်မယ်။
နောက်ခံသမိုင်းအကျဉ်း
တရုတ်မှာ တော်လှန်ရေးကြီးဖြစ်တော့ မော်စီတုန်းတပ်နီတွေက အောင်ပွဲရတယ်။ ချန်ကေရှိတ်ရဲ့ တပ်တွေနောက်ဆုတ်ပေးလိုက်ရတယ်။ မြန်မာနိုင်ငံကိုတောင် ဝင်လာခဲ့ပါသေးတယ်။ ကုလသမဂ္ဂကတစ်ဆင့် ညှိနှိုင်းပြီး ထိုင်းကိုဖြတ်၊ ထိုင်ဝမ်ဆိုတဲ့ကျွန်းလေးမှာ နောက်ဆုံးတပ်စွဲလိုက်တယ်။
ချန်ကေရှိတ်ကို တရုတ်ဖြူလို့ သုံးနှုန်းပြီး မော်စီတုန်းတပ်ကို တရုတ်နီတပ်လို့ သုံးတယ်။ ရန်ကုန်က တရုတ်တန်းက အများစုဟာ တရုတ်ဖြူတွေဖြစ်ပါတယ်။ ၁၉၈၈ နောက်ပိုင်းမန္တလေး၊ ရန်ကုန်ရောက် တရုတ်တွေဟာ တရုတ်နီတွေ ဖြစ်ကြတယ်။ ချန်ကေရှိတ် တရုတ်ဖြူတွေကို CIA က ထောက်ပံ့တယ်။ ဒီလိုနဲ့ ထိုင်ဝမ်ဟာ အမေရိကန်နဲ့ ဆက်ဆံရေးကောင်းတဲ့နေရာတစ်ခု ဖြစ်လာခဲ့တယ်။ ထိုင်ဝမ်ဟာ တရုတ်ပိုင်တဲ့ကျွန်းဖြစ်ပါတယ်။ စစ်ရှုံးလို့ပြေးလာတဲ့ ချန်ကေရှိတ်တပ်တွေအခြေချရင်းက အမေရိကန်ရဲ့မြှောက်ပေးမှုကြောင့်သီးခြားခွဲထွက်ဖို့ အခွင့်အလမ်းကိုစောင့်စားနေကြခြင်းသာပါ။
တရုတ်ပြည်မကြီးက ကွန်မြူနစ်စနစ်၊ ဗဟိုချုပ် ကိုင်မှု၊ နိုင်ငံရေးစနစ်ကို ကျင့်သုံးပြီး အမေရိကန်ထောက်ခံတဲ့ ထိုင်ဝမ်က ဒီမိုကရေစီကိုကျင့်သုံးရာ နေရာတစ်ခုဖြစ်လာတယ်။ ပြည်မကြီးနဲ့ မိုင်နှစ်ရာလောက်ဝေးတဲ့ရေခြား မြေခြားဖြစ်လေတော့ နိုင်ငံရေးစနစ်ကလည်း မတူလေတော့ကြာလာတဲ့အခါ သီးခြားနေရာလေးက သီးခြားနိုင်ငံတစ်ခုလို ကျင့်သုံးလာတာတွေ့ရတယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးလေတော့ရွေးကောက်ပွဲတွေ လုပ်ရတယ်။ အမေရိကန်ဘက်ယိမ်းတဲ့ပါတီ DPP (Democratic Progressive Party -အစိမ်းရောင်ပါတီ)နဲ့ KMT (Kuomintang Party – အပြာရောင်)ဆိုပြီး နှစ်ပါတီပုံစံစနစ် (Two Party Dominant System)ကိုကျင့်သုံးတယ်။
DPP က အမေရိကန်နဲ့ဆက်ဆံရေးကောင်းပြီး KMT က တရုတ်နဲ့ ဆက်ဆံရေးပိုကောင်းပါတယ်။ လော လောဆယ် DPPက အာဏာရအစိုးရဖြစ်နေတဲ့ ကာလဖြစ်ပါတယ်။ အခြားပါတီငယ်များ TPP-Taiwan People’s Party, NPP – New Power Party, PFP – People First Party တွေလည်းရှိကြပါသေးတယ်။
ထိုင်ဝမ်ဘယ်လောက်အရေးပါသလဲ
အမေရိကန်ဘက်ယိမ်းတဲ့ထိုင်ဝမ်ကို အမေရိကန်သြဇာလွှမ်းမိုးထားနိုင်ဖို့အတွက် အမေရိကန်က အထွေထွေထောက်ပံ့ပေးမှုတွေ လုပ်ခဲ့တယ်။ တစ်ပိုင်းလျှပ်ကူး Semiconductor နည်းပညာပေးပြီး ထုတ် လုပ်စေခဲ့ရာကနေ့ ထိုင်ဝမ်သားတွေကြိုးစားမှု ကြောင့် TSMC-Taiwan Semiconductor Manufacturing Company နည်းပညာအမြင့်ဆုံးနဲ့ကမ္ဘာ့အကြီးဆုံး Chip တွေထုတ်လုပ်ရာဖြစ်လာခဲ့တော့တယ်။
TSMC ဟာ ကမ္ဘာ့ Chip ချေးကွက်ရဲ့ရာခိုင်နှုန်း ၅၀(+)ကို ချုပ်ကိုင်ထားပြီးအောက်ပါကုမ္ပဏီကြီးတွေရဲ့ လိုအပ်ချက်ကိုအဓိကဖြည့်ဆည်းပေးနေပါတယ်။
• Apple
• Qualcomm
• AMD
• Broadcom
• Nvidia
• MediaTek
• Intel
နိုင်ငံတွေအနေနဲ့ပြောရမယ်ဆိုရင်
• အမေရိကန်
• တရုတ်
• UK
• Germany
• France
စတဲ့နိုင်ငံကြီးတွေအပါအဝင် နိုင်ငံကြီး၊ လတ် ပြေးမလွတ်ပြန်ပါဘူး။
အကယ်၍ ထိုင်ဝမ်ကိုသာ တရုတ်တို့ကထိန်းချုပ်လိုက်မယ်ဆိုရင် TSMC ကိုပါထိန်းချုပ်ပြီးသားဖြစ်သွားမှာမို့ အဆင့်မြင့် Chip တွေကိုအဓိက သုံးစွဲနေရတဲ့ အမေရိကန်ဟာ စီးပွားရေး၊ စစ်ရေးမှာ တစ်ခါ တည်း Paralyzed လေဖြတ်သလိုရပ်တန့်သွားနိုင်ပါတယ်။ အမေရိကန်ရဲ့ iPhone, F – 35, AI System, Nuclear လက်နက်တွေ ရပ်တန့်သွားနိုင်တဲ့အထိ ဖြစ်သွားလိမ့်မယ်။
အမေရိကန်က အဆင့်မြင့် Chip(0.3 Nano) တွေကို တရုတ်ဆီမရောင်းဖို့ ပိတ်ပင်တားဆီးတယ်။ ကုန်သွယ်ခွန်တိုးတယ်။ တရုတ်ကလည်း မြေရှားသတ္တုနဲ့ ပြန်ကိုင်တယ်။ အဆင့်မြင့် Chip တွေရောင်းပေးဖို့ ဖိအားပြန်ပေးတယ်။ ဒီဖြစ်စဉ်ကိုကြည့်ရင် တရုတ်အတွက်လည်း ထိုင်ဝမ်က ဘယ်လောက်အရေးပါသလဲဆိုတာ ပေါ်လွင်နေပါတယ်။ ဒါက နည်းပညာနဲ့စီးပွားရေးတစ်ပိုင်း တစ်ကျဉ်းမျှသာ ဖြစ်ပါတယ်။
တရုတ်အတွက်အခြားအရေးပါမှု
နိုင်ငံရေးရှုထောင့်ကလေ့လာရင် အချုပ်အခြာ အာဏာ (Sovereignty)နဲ့ နိုင်ငံရေးအရထိပ်တန်းအရေးပါမှုဖြစ်လာတယ်။ One China Policyအရထိုင်ဝမ်ကိုစနစ်သာ ကွဲပြားခြားနားစွာကျင့်သုံးခွင့်ပေးပြီး ခွဲထွက်ခွင့်ပေးလို့မရပါ။ ထိုင်ဝမ်ကို လွတ်လပ်ရေးပေးလိုက်ခြင်း(သို့) ခွဲထွက်ခွင့်ပေးလိုက်မယ်ဆိုရင် တရုတ်အပေါ် ကမ္ဘာကြီးက ယုံကြည်မှုပျက်ပြားသွားမယ့်အပြင် တိဗက်နှင့်ရှီကျန်းဒေသများကလည်း ခွဲထွက်ခွင့်တောင်းလာနိုင်ပါတယ်။ ပြည်တွင်းနိုင်ငံရေးမငြိမ်မသက်မှုတွေနောက်ဆက်တွဲဖြစ်လာနိုင်တယ်။
စီးပွားရေးရှုထောင့်က လေ့လာရင် လက်ကိုင်ဖုန်း၊အဝတ်လျှော်စက်၊ မော်တော်ကားကအစအရာအားလုံးဟာ Chip တွေနဲ့ မလွတ်ကင်းကြတော့ပါဘူး။ အဆင့်မြင့် Chip တွေက TSMC က ထုတ်လုပ်တာဖြစ်လို့ ထိုင်ဝမ်ဟာ အရေးပါလာပါတယ်။
သံတမန်ရေး၊ စစ်ရေးရှုထောင့်ကကြည့်ရင်လည်း ထိုင်ဝမ်ဟာ တရုတ်ရဲ့ ပထမကျွန်းဆက်ကွင်း (First Island Chain)တွင်အရေးပါတဲ့နေရာမှာရှိနေပါတယ်။ ပြောရရင် တရုတ်ပြည်မကြီးနဲ့ အနီးဆုံးရှေ့တန်း စခန်းလို့ဆိုရပါမယ်။ ထိုင်ဝမ်ကိုသာ တရုတ်လက်အောက်ကိုရောက်ရှိစေနိုင်ရင် ပစိဖိတ်သမုဒ္ဒရာအတွင်း နေရာပေါင်းများစွာက ခြိမ်းခြောက်နေတဲ့ အမေရိကန်စစ်စခန်းတွေ Double Defense System 4. တရုတ်က ခုခံနိုင်မှာဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာအတွင်း မိုင်တစ်ရာလောက်ကို ထိုးဖောက်ထားနိုင်မှာဖြစ်ပါတယ်။
အရေးကြုံလို့စစ်ရေးပဋိပက္ခဖြစ်လာရင် ပြည်မကြီးကိုတိုက်ရိုက်ခြိမ်းခြောက်နိုင်မှု တစ်ဝက်မကလျော့ကျသွားနိုင်တာကို တွေ့ရပါလိမ့်မယ်။ ခြိမ်း ခြောက်မှုနဲ့စစ်ရေးတွေကိုလည်း မျက်နှာစာ နှစ်ဖက်က ပြန်ပြီးတန်ပြန်တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။
အမေရိကန်အတွက်အခြားအရေးပါမှု
နိုင်ငံရေးမျက်နှာစာက ကြည့်ရင် အမေရိကန်ရဲ့ Indo – Pacific Doctrine အရ တရုတ်ထိန်းချုပ်ရေးမှာ ထိုင်ဝမ်ဟာ ရှေ့တန်းတိုက်စစ်မျက်နှာစာဖြစ်နေတာ တွေ့ရတယ်။ အမေရိကန်က ထိုင်ဝမ်ကိုထိန်းချုပ်ပြီး တရုတ်ကို အနီးကပ်ဒုက္ခပေးနေတာဖြစ်တယ်။ ထိုင်ဝမ်ကိုသာ အမေရိကန်လက်လွှတ်လိုက်ရမယ်ဆိုရင် ဒေသတွင်း အမေရိကန် သြဇာကျဆင်းသွားမဲ့အပြင် Indo – Pacific Doctrine ချေဖျက်ခြင်းခံလိုက်ရသလိုဖြစ်သွားစေတယ်။
စီးပွားရေးနဲ့ နည်းပညာဘက်က လေ့လာရင် အမေရိကန်ရဲ့ကမ္ဘာ့ရှေ့ဆောင်ကုမ္ပဏီကြီးများဖြစ်ကြတဲ့ Nvidia, Apple, Qualcomm coz TSMC Chips တွေကိုမှီခိုနေရတယ်။ AI, 5G နဲ့ နောက်ဆုံးစစ်သုံးအီလက်ထရွန်းနစ်တွေဟာ TSMC Chips တွေကို အဓိကထားသုံးနေရတာဖြစ်တယ်။
ဒီမိုကရေစီနဲ့ မဟာမိတ်ဖြန့်ကြက်နိုင်မှုဘက်က ကြည့်ရင် ထိုင်ဝမ်ဟာ အာရှမှာ ဒီမိုကရေစီစနစ်ကို အောင်မြင်စွာနမူနာပြဖြစ်စေခဲ့တယ်။ အမေရိကန်က အဲ့ဒီ အချက်တန်ဖိုးကိုကာကွယ်လိုတယ်။ အမေရိကန်ရဲ့အာရှမဟာမိတ်ကွင်းဆက်မှာ ဂျပန်၊တောင်ကိုရီးယား၊ ဖိလစ်ပိုင်တို့နဲ့အတူ ထိုင်ဝမ်လည်းပါဝင်နေပါတယ်။ ထိုင်ဝမ်ကိုလက်လွှတ်လိုက်မယ်ဆိုရင် မဟာ မိတ်ကွင်းဆက်တစ်ခုပျောက်ဆုံးသွားသလို ဖြစ်သွားပါလိမ့်မယ်။
မတူညီတဲ့ရည်ရွယ်ချက်တွေ
တရုတ်အတွက်ထိုင်ဝမ်ဟာ အချုပ်အခြာ အာဏာကို ကာကွယ်ခြင်း၊ ပစိဖိတ်ဒေသတွင်းမှ အမေရိကန်ရဲ့ခြိမ်းခြောက်မှုတွေကို ခုခံကာကွယ်ခြင်း၊ နည်းပညာစီးပွားရေးအတွက်လိုအပ်ခြင်းစတဲ့ ရည်ရွယ်ချက်တွေကြောင့် ဦးစားပေးလိုအပ်ချက်ဖြစ်လာတာ တွေ့ရတယ်။ အမေရိကန်အတွက်က ခြားနားပါတယ်။ တရုတ်ကိုခြိမ်းခြောက်ဖို့ သြဇာအာဏာထူထောင်ဖို့ နည်းပညာ၊ စီးပွားရေးနဲ့ အာရှမဟာမိတ်ကွင်းဆက် ထူထောင်ဖို့သာဖြစ်ပါတယ်။
ဗြိတိသျှအုပ်ချုပ်မှုအောက်ကနေ ဟောင်ကောင်ကို ၁၉၉၇ မှာ တရုတ်ကို ပြန်လွှဲပေးလိုက်ပါတယ်။ မူလက ဟောင်ကောင်ရော၊ ထိုင်ဝမ်ဟာ တရုတ်ပိုင်တွေ ဖြစ်ပါတယ်။ ထိုင်ဝမ်က ဘယ်သူ့လက်အောက်မှမရောက်ခဲ့ပါဘူး။ စစ်ရှုံးလို့ ထွက် ပြေးခဲ့တဲ့ တရုတ်ဖြူတွေကိုနေရာချထားရင်း CIA ရဲ့အားပေးမှုနဲ့ ပြည်မကြီးက ခွဲထုတ်ဖိုကြိုးစားမှုမျှသာ ဖြစ်ပါတယ်။
ထိုင်ဝမ်အပေါ် နှစ်နိုင်ငံထားရှိတဲ့ ရည်ရွယ်ချက်တွေက ခြားနားလှတယ်။
ထိုင်ဝမ်ကိုစစ်ရေးအရဆောင်ရွက်ရင်
၂ဝ၂၇ မှာ ထိုင်ဝမ်ကို တရုတ်က စစ်ရေးအရ အရေးယူဆောင်ရွက်မယ်လို့ စီစဉ်ထားရှိကြောင်းသတင်းတွေ ထွက်ပေါ်လာနေပါတယ်။ တရုတ်ကတော့ဘာမှ ထိုင်ဝမ်ကိစ္စနဲ့ စစ်ရေးဆက်စပ်ပြီး မပြောဆိုသေးပါဘူး။ ဒါပေမယ့် ထိုင်ဝမ်တစ်ဝိုက် တရုတ်ရေတပ်၊ လေတပ်ပူးတွဲပြီးပျံသန်းထောက်လှမ်းတာ၊ ကင်းလှည့်တာ၊စစ်ရေးလေ့ကျင့် တာတွေကိုတော့ ခါတိုင်းထက်ပိုလုပ်လာတာ တွေ့ရတယ်။ တရုတ် – ထိုင်ဝမ်ကြားသတ်မှတ်ထားတဲ့ ရေပိုင်နက်ကို တရုတ်လေယာဉ်၊ ရေယာဉ်တွေ ကျူးကျော်လာတယ်ဆိုပြီး ထိုင်ဝမ်ဘက်က မကြာခဏ ကန့်ကွက်တာတွေရှိလာတယ်။
၂၀၂၅ ထဲမှာ ထိုင်ဝမ်ဟာ အမေရိကန်စစ်လက်နက်အကြီးစားတွေ ဝယ်ယူဖြည့်တင်းတာတွေ ပိုလုပ်ကိုင်လာတယ်။ F – 35 ဝယ်ယူတာတွေ၊ ကြားဖြတ်ဒုံးတွေ ဝယ်ယူမှုတွေ၊ စစ်ရေးလေ့ကျင့်မှုတွေ ပိုလုပ်လာခဲ့တယ်။ တရုတ် PLA တပ်မတော်က ပြတ်ပြတ်သားသားသတိပေးထားတာတစ်ခုရှိနေပါတယ်။ ထိုင်ဝမ်ဘက်က“ခွဲထွက်ပြီ” “လွတ်လပ်နိုင်ငံအဖြစ် ကြေညာတယ်ဆိုရင် ဘာကန့်သတ်မှုမှ မထားပဲ စစ်ရေးအရအရေးယူမှု ချက်ချင်းပြုလုပ်မယ်လို့ပြောထားတယ်။ ထိုင်ဝမ်ရဲ့အရေးပါတဲ့နေရာ အားလုံးကို Missile တွေနဲ့ချိန်ရွယ်ထားပြီး ခလုတ်နှိပ်ရုံ အနေအထားနဲ့အသင့်ရှိနေတယ်လို့ ဆိုတယ်။
တရုတ်ဘက်က ဘယ်လောက်ပြတ်ပြတ်သားသားသတိပေးထားသလဲဆိုရင် “မြေကျန်ရင်တော်ပြီ”ဆိုတဲ့အထိ ကြိမ်းဝါးထားတာတွေ့ ရတယ်။ ဒီနေရာမှာမေးခွန်းကြီးတစ်ခုဖြစ်လာတယ်။ ခွဲထွက်စကားပြောလို့ဖြစ်ဖြစ်၊ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်ဖြစ် တရုတ်က ထိုင်ဝမ်ကိုစစ်ရေးအရဆောင်ရွက်မယ်ဆိုရင် ထိုင်ဝမ်တောင့်ခံနိုင်ပါ့မလား၊ သို့မဟုတ် အမေရိကန်ဘက်က ထိုင်ဝမ်ကို စစ်ရေးအရ ဘယ်အတိုင်း အတာအထိကူညီပေးနိုင်မလဲဆိုတဲ့ မေးခွန်းဖြစ် ပါတယ်။
Chip နဲ့ပတ်သက်တဲ့ Software ဘက်မှာသာထိုင်ဝမ်ဟာ ဆရာကြီးတစ်ဆူဖြစ်ပေမယ့် စစ်ရေးဆိုင်ရာ Hardware ပိုင်းမှာ တရုတ်နဲ့ယှဉ်ရင်ဆင်နဲ့ ဆိတ်လောက်အကွာအခြားရှိနေပါတယ်။ ထိုင်ဝမ်သက် သက်နဲ့ တရုတ်အင်အားကို မခုခံနိုင်ပါဘူး။ ရက်ပိုင်းအတွင်းသာကြာမယ့် စစ်ရေးဖြစ်ပါလိမ့်မယ်။
နောက်ဆက်တွဲမေးခွန်းက အမေရိကန်အနေနဲ့ ထိုင်ဝမ်ကိုစစ်ရေးအရ ဘယ်လောက်ကူညီနိုင်မလဲဆိုတာဖြစ်လာပါတယ်။ အမေရိကန်နဲ့ ထိုင်ဝမ်ဟာ မိုင် “ထောင်”ချီကွာဝေးပါတယ်။ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ ဂျပန်စတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေက လေယာဉ်ပျံတွေကတော့ချက်ချင်းရောက်လာနိုင်ပါတယ်။ စစ်ပွဲကြာလာတာနဲ့ အမေရိကန်စက်မှုလုပ်ငန်းတွေ ထိုင်ဝမ်က Chips မရလို့ ရပ်ဆိုင်းသွားနိုင်ပါတယ်။ ထိုင်ဝမ်ကိုစစ်ရေးအရ တရုတ်က ကျူးပြီဆိုရင် အမေရိကန်က တရုတ်ပြည်မကြီးကို စစ်ထိုးနိုင်ပါသလား၊ ဒီအချက်က မဖြစ်နိုင်ပါ။ ဒါကြောင့် အလစ်အငိုက်ယူပြီးတိုက်ရင် ရက်ပိုင်းအတွင်း ထိုင်ဝမ်ကျသွားနိုင်ပါတယ်။
အလစ်အငိုက်မရလို့ အနီးဆုံး အမေရိကန်စစ်စခန်းတွေက ထိုင်ဝမ် ကို ကူညီရင်ရနိုင်ပေမယ့် စစ်ကြာတာနဲ့ အမေရိကန်စီးပွားရေးရော၊ တရုတ်စီးပွားရေးရော၊ ကမ္ဘာ့စီးပွားရေးကြီးပါ ထိခိုက်
သွားနိုင်ပါတယ်။ ဒီအချက်က တရုတ်ရော၊ အမေရိကန်ပါမထည့်မဖြစ်စဉ်းစားရမယ့်အချက်ဖြစ်လာပါတယ်။
လောလောဆယ် အမေရိကန်ဟာ ယူကရိမ်းစစ်၊ အရှေ့အလယ်ပိုင်းစစ်၊ ပြည်တွင်းရေးရာများစွာနဲ့ အလုပ်ရှုပ်နေပါတယ်။ ယူကရိမ်းစစ်မှာ တရုတ်က ရုရှားကို ကူညီထားတဲ့အတွက် ထိုင်ဝမ် စစ်ဖြစ်ရင် တရုတ်ကို ရုရှားနဲ့ မြောက်ကိုရီးယားတွေက ရင်ချင်း အပ်ပြီး ကူညီကြမှာဖြစ်ပါတယ်။ ထိုင်ဝမ်စစ်ဟာ အနှေးအမြန်ဖြစ်နိုင်ခြေကတော့ရှိနေပြီလို့ သုံးသပ်ရပါတယ်။
#PAN