ငလျင်ဒဏ်အပြင်းအထန်ခံစားနေရတဲ့ အာဖဂန်နစ္စတန်က နိုင်ငံခြားအကူအညီတွေရရှိဖို့ ကမ္ဘာကို အကူအညီတောင်းဆိုနေ


(နိုင်ငံတကာ) စက်တင်ဘာ ၂

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်နေ့က အင်အား မဂ္ဂနီကျု ၆.၀ ပြင်းအားရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် လူပေါင်း ၈၀၀ ကျော် သေဆုံးပြီး ၂၈၀၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေရဲ့ပြောဆိုချက်ကိုကိုးကားပြီး ရိုက်တာက ဖော်ပြပါတယ်။

အဆိုးရွားဆုံးငလျင်ဒဏ်ခံစားထားရတဲ့ အာဖဂန်နစ္စတန်နိုင်ငံ Kunar ပြည်နယ်နဲ့ Nangarhar ပြည်နယ်တွေက တောတောင်ထူထပ်ပြီး ဝေးလံခေါင်သီတဲ့ဒေသတွေ ရာသီဥတုဆိုးရွားမှုတွေရှိနေ တာကြောင့် ကယ်ဆယ်ရေးသမားတွေဟာ ခက်ခက်ခဲခဲနဲ့သွားရောက်ခဲ့ကြရတယ်လို့ သိရပါတယ်။

စစ်ဒဏ်ခံနေရတဲ့ အာဖဂန်နစ္စတန်နိုင်ငံဟာ ငလျင်ဘေးပါထပ်မံခံစားခဲ့ရတာကြောင့် ကူညီကယ်ဆယ်ရေးတွေပိုမိုလုပ်ဆောင်နိုင်ဖို့ တာလီဘန်အစိုးရက နိုင်ငံခြားအကူအညီတွေကိုမျှော်လင့်နေသလို သိန်းနဲ့ချီတဲ့ အာဖဂန်နိုင်ငံသားတွေ အိမ်နီးချင်းနိုင်ငံကနေ နေရပ်ပြန်တဲ့အထိ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

ကဘူးလ်မှာရှိတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာအကူအညီတွေပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

“ဒီမှာ လူအများအပြား အသက်ဆုံးရှုံးပြီး အိမ်တွေ ဆုံးရှုံးသွားတဲ့အတွက် အကူအညီတွေ ကျွန်တော်တို့ လိုအပ်ပါတယ်” လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ပါကစ္စတန်နယ်စပ်တလျှောက် ဝေးလံခေါင်သီတဲ့ တောင်တန်းဒေသတွေကနေထိုင်ကြတဲ့ ဒေသခံတွေရဲ့နေအိမ်အများစုဟာ တောင်စောင်းတွေမှာ သူတို့ရဲ့နေအိမ်တွေကို ရွံ့အုတ်တွေနဲ့ တည်ဆောက် ထားတာဖြစ်လို့ ငလျင်ကြောင့် ပြိုကျမှုများပြားခဲ့ပြီး မိုဘိုင်းကွန်ရက်တွေပြတ်တောက်နေတာကြောင့် ကယ်ဆယ်ရေးသမားတွေဟာ ခက်ခက်ခဲခဲနဲ့ သွားရောက်ကူညီနေရတယ်လို့ သိရပါတယ်။

“ပြီးခဲ့တဲ့ ၂၄ နာရီကနေ ၄၈ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ငလျင်လှုပ်ခတ်ခဲ့တဲ့ ဧရိယာမှာ မြေပြိုမှုနဲ့ ကျောက်ဆောင်ပြိုကျတာတွေရှိပြီး လမ်းအတော်များများကလည်း သွားလာလို့မရတော့ဘူးလို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က အရာရှိ ကိတ်ကယ်ရီက ပြောကြားထားပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အာဏာပိုင်တွေဟာ ရေအရင်းအမြစ်တွေ ညစ်ညမ်းမှုအန္တရာယ်ကို လျှော့ချနိုင်စေဖို့နဲ့ တိရစ္ဆာန်အသေကောင်တွေကို အမြန်ဖယ်ရှားဖို့ ကြိုးပမ်းနေကြောင်း ကိတ်ကယ်ရီက ပြောပါတယ်။

ငလျင်ဒေသတွေကို ကယ်ဆယ်ရေးအဖွဲ့တွေ ပိုမိုဝင်ရောက်လာတာကြောင့် အသေအပျောက်တွေ မြင့်တက်လာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောဆိုားကြပါတယ်။

PAN